Sunday, January 10, 2016

အနောက်နိုင်ငံများသို့ ပြန့်ပွားထွန်းကားလာသော ဗုဒ္ဓသာသနာသမိုင်း

အနောက်နိုင်ငံများသို့ ပြန့်ပွားထွန်းကားလာသော ဗုဒ္ဓသာသနာသမိုင်း
------------------------------------------------------------------------
အိန္ဒိယဘုရင် အသောကမင်း၏ ကျောက်စာတစ်ခု၌ အီဂျစ် မက်ဆီဒိုးနီးယား အိပီရပ် စသော အနောက်နိုင်ငံများသို့ ဓမ္မဒူတများ စေလွှတ်၍ ဓမ္မပြန့်ပွားစေခဲ့ကြောင်း ဖေါ်ပြထား၏ ။ သို့ရာတွင် ဤကျောက်စာအလိုအားဖြင့် အသောကမင်းက အနောက်နိုင်ငံများသို့ သာသနာပြုရန် ဗုဒ္ဓရဟန်းများ စေလွှတ်သည်ဟု မဆိုသာချေ ။ အကြောင်းမူ အသောကမင်း၏ ဓမ္မ သည် အခါခပ်သိမ်း ဗုဒ္ဓဝါဒကို ဆိုလိုသည်မဟုတ် ။ ဒူတ သည်လည်း သာသနာပြုရဟန်းကို မဆိုလိုပဲ သံတမန်ကို ဆိုလိုခြင်း ဖြစ်ကောင်းဖြစ်ပေမည် ။ ဗုဒ္ဓဝါဒီ ရဟန်းများကို ဆိုလိုပါက အခြားကျောက်စာများကဲ့သို့ သမဏ ဗြာဟ္မဏ စကားကို အသုံးပြုခဲ့တန်ရာ၏ ။
မည်သို့ဖြစ်စေ ရှေးပဝေဏသီက အိန္ဒိယသားတို့သည် အနောက်နိုင်ငံများနှင့် ကူးလူးဆက်သွယ်ခဲ့၍ ဂရိတို့သည် အလက်ဇန္ဒားဘုရင်နှင့်အတူ အိန္ဒိယပြည်သို့ ရောက်ရှိခဲ့ရကား ဘီစီ နှစ် ရာစုအတွင်းက ဗုဒ္ဓဝါဒသည် အနောက်တိုင်းသို့ ပြန့်နှံ့ခဲ့တန်ရာ၏ ။ ထို့ကြောင့် ခရစ်ယာန်စာပေ၌ ဗုဒ္ဓစာပေမှ စင်တူရိုးမားများရှိနေခြင်း အီဂျစ်ပြည်ရှိ ရှေးဦးခရစ်ယာန်ရဟန်းတို့၏ ကျင့်စဉ်၌ ဗုဒ္ဓရဟန်းကျင့်စဉ်များ ထင်ဟပ်နေခြင်းနှင့် အေဒီသုံးရာစုအတွင်းက ပေါ်ထွန်းခဲ့သော ပါရှားဘာသာတစ်ခု၌ ဗုဒ္ဓတရားများ ပါဝင်နေခြင်း ဖြစ်သည်ဟု အချို့ဆရာတို့ ယူဆကြ၏ ။

သို့ရာတွင် ထိုအခါက ခရစ်ယာန်ဘာသာသည် ဥရောပတိုက်၌ အခြေဆိုက်နေပြီဖြစ်၍ ဗုဒ္ဓဘာသာကို လူတို့ စိတ်ဝင်စားမှု မရှိခဲ့ချေ ။ ၁၉ ရာစုခေတ် ရောက်သောအခါ ၌မူ အနောက်နိုင်ငံအစိုးရတို့သည် အရှေ့နိုင်ငံများသို့ သိမ်းပိုက်အုပ်စိုး၍ အနောက်တိုင်းနှင့် ဗုဒ္ဓဝါဒ ပြန်လည် တွေ့ဆုံကြ၏ ။ ထိုခေတ်က သိပ္ပံပညာ အထူး တိုးတက်ထွန်းကား၍ သိပ္ပံပညာနှင့် ဆန့်ကျင်သော ခရစ်ယာန်ဘာသာသည် တန်ခိုးသြဇာ ကျဆင်းစပြုလာ၏ ။ လူတို့သည် မိရိုးဖလာ ဘာသာ၌ အယုံအကြည် နည်းပါး၍ ရှေးကကဲ့သို့ အယူမသည်းတော့ဘဲ အခြားဘာသာ ဝါဒများအပေါ်၌ အမြင် ပြောင်းလဲလာကြ၏ ။အရှေ့တိုင်းရောက် ခရစ်ယာန်သာသနာပြုဆရာတို့သည် ဗုဒ္ဓဘာသာအကြောင်းရေးသား၍ သက္ကတနှင့် ပါဠိပညာရှင်တို့သည် ဗုဒ္ဓကျမ်းစာများကို ပြန်ဆိုရေးသားကြ၏ ။ သို့ရာတွင် ထိုစာအုပ်များမှာ ခိုင်လုံပြည့်စုံစွာ မရှိခြင်းကြောင့် စာဖတ်ပရိသတ်များအား ဆွဲဆောင်နိုင်မှုမရှိခဲ့ချေ ။

အင်္ဂလိပ်တို့သည် အာရှတိုက်၌ နယ်ချဲ့၍ ဗုဒ္ဓဝါဒကိုလေ့လာရန် ဦးစွာ အခွင့်အလမ်း ရရှိကြ၏ ။ သူတို့နိုင်ငံမှာ ဥရောပတိုက်၌ ဗုဒ္ဓဝါဒ ပြန့်ပွားရေးကိစ္စကို ပထမ ကြိုးပမ်းဆောင်ရွက်ခဲ့သော နိုင်ငံဖြစ်သည်။ ၁၉၀၇ ခုနှစ်၌ အင်္ဂလန်နိုင်ငံ၌ ဂရိတ်ဗြိတိန်နှင့် အိုင်ယာလန် ဗုဒ္ဓဘာသာအသင်း ပေါ်လာ၏ ။ အသင်းဥက္ကဌမှာ ဒေါက်တာရိုင်းဒေးဗစ်ဖြစ်၍ လစဉ်မဂ္ဂဇင်း ထုတ်ဝေ၏ ။ ၁၉၂၄ ခုနှစ်၌ ထိုအသင်းပျက်သွား၍ လန်ဒန်ဗုဒ္ဓဘာသာအသင်းပေါ်လာပြီး ပထမ၌ လစဉ် ။ ယခုအခါ၌မူ သုံးလတစ်ကြိမ် ဗုဒ္ဓဓမ္မစာစောင် မှန်မှန် ထုတ်ဝေလျက်ရှိ၏ ။ အသင်းသားတို့မှာ သဒ္ဓါယုံကြည်စိတ်ပြင်းပြ၍ ဒုတိယစစ်ကြီးအတွင်းက လန်ဒန်မြို့ကို ရန်သူတို့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေသောအချိန်၌ပင် ရက်သတ္တပတ်လျှင် သုံးလေးကြိမ်မျှ တရားဆွေးနွေးပွဲ ပြုလုပ်ကြ၏ ။ တရားပွဲနှင့် ဆွေးနွေးပွဲများ ပြုလုပ်ခြင်း ဗုဒ္ဓနေ့ကျင်းပခြင်း ဝိပဿနာနှင့် ဗုဒ္ဓဘာသာသင်တန်း ဖွင့်လှစ်ခြင်း စသည်ဖြစ် အသင်း၏ သာသနာပြုလုပ်ငန်းများမှာ စုံလင်များပြားလှပေ၏ ။

အင်္ဂလန်ပြည်၌ ဗုဒ္ဓသာသနာ ပြန့်ပွားရေးလုပ်ငန်းကို စတင်ကူညီဆောင်ရွက်ခဲ့သူများမှာ ဘိက္ခုအာနန္ဒာ မေတ္တေယျ ။ ဘိက္ခုသီလစာရ စသော အဂ်လိပ်ဘိက္ခုများ ဒေါက်တာအားနက်စရော့( စ် ) ။ မစ္စတာခရစ္စမတ်ဟမ်ဖရီ စသော ဗုဒ္ဓဝါဒီများနှင့် ပါမောက္ခရိုင်းဒေးဗစ် စသော ပါဠိပညာရှင်များဖြစ်ကြသည် ။
အနောက်နိုင်ငံသားများထဲမှ အစဦးစွာ ဗုဒ္ဓဘာသာရဟန်းအဖြစ်ကို ခံယူသူသည် ဘိက္ခုအာနန္ဒာမေတ္တေယျ ( လူအမည် အလန်ဗင်နက် ) သည် ၁၉၀၂ ခုနှစ်၌ မြန်မာပြည်သို့လာ၍ ရဟန်းပြုပြီးလျှင် ထိုအခါက ရန်ကုန်မြို့ ကမ္ဘာ့ဗုဒ္ဓဝါဒ အသင်းမှ ထုတ်ဝေသော အင်္ဂလိပ် ဗုဒ္ဓဓမ္မစာစောင်၏ အယ်ဒီတာအဖြစ် ဆောင်ရွက်၏ ။ ၁၉၀၈ ခုနှစ် ၌ အင်္ဂလန်ပြည်သို့ သာသနာပြုရန် ကြွသွား၍ ၁၉၂၃ခုနှစ်၌ ကွယ်လွန်၏ ။
ပြင်သစ် ဂျာမနီ ရုရှားနိုင်ငံများသည် ဗုဒ္ဓစာပေပြန့်ပွားရေးအသင်းများမရှိသော်လည်း ဗုဒ္ဓကျမ်းပြုရော ပညာရှင်များ ပေါ်ထွက်ရာ နိုင်ငံများဖြစ်၏ ။ အထူးထင်ရှာသော ပြင်သစ် ဗုဒ္ဓသုတေသီ၏အမည်မှာ အလက်ဇန္ဒားဒေးဗစ်နီး ဖြစ်၏ ။ ဤအမျိုးသမီးကြီးသည် တိဗက်ပြည်သို့ စွန့်စားသွာူရောက်၍ တိဗက် ဝိပဿနာကို ကျင့်ကြံအားထုတ်ပြီး မိမိကိုယ်တွေ့များအကြောင်း စာအုပ်ရေးသားခဲ့၏ ။ ဂျာမန် ဗုဒ္ဓဝါဒီတို့သည် ထေရဝါဒကို နှစ်သက်၍ သီဟိုဠ်ကျွန်းနှင့် မြန်မာနိုင်ငံ၌ ရဟန်းအဖြင့် ခံယူသော ဂျာမန်ရဟန်း အတော်များများရှိ၏ ။

ဟော်လန် ဘယ်လ်ဂျီယန် ဆွီဒင် ဆွစ်ဇာလန်နိုင်ငံ များ၌လည်း ဗုဒ္ဓဘာသာအဖွဲ့များရှိ၏ ။ အမေရိကန်ပြည်ထောင်စု၌ ဗုဒ္ဓဘာသာအသင်းပေါင်း တစ်ရာကျော်ရှိသည် ဆို၏ ။ ဟာဝေယံကျွန်းနှင့် ကာလီဖိုနီးယားပြည်နယ်များ၌လည်း ဗုဒ္ဓဝါဒအင်အား ကြီးမား၏ ။ အမေရိကန် ပညာတက်ပိုင်း၌ ဇင်ဗုဒ္ဓဝါဒ ရေပန်းစား၍ အချို့မြို့ကြီးများ၌ ဇင်ဝိပဿနာ အဖွဲ့များရှိကြောင်း လေ့လာဖူးသမျှ စာပေများအား စပ်ဆက်၍ ရေးသားတင်ပြလိုက်ရပါသည် ။

#htoohtoolay

No comments:

Post a Comment