ဗုဒ္ဓကိုးကွယ်မှု ရှင်းတမ်း
------------------------
ဗုဒ္ဓကိုးကွယ်မှုအား ရှင်းလင်းနိုင်ရန်အတွက်မူ တန်းခိုးပြာဋိဟာအကြောင်းကို ရှေ့ဦးးစွာ ဖေါ်ပြပေးရန်အလွန်လိုအပ်လှပေသည် ။ အကြောင်းမှာ ဖန်းဆင်းရှင်နှင့် ဗုဒ္ဓကိုးကွယ်မှုများ အကြိမ်ကြိမ် မှားတက်ပါသောကြောင့်ဖြစ်၏ ။ ဘာသာတရားကို ရိုသေလေစားသောသူများသည် သီလ သမာဓိနှင့် အထူးပြည့်စုံသော သူတော်သူမြတ်များမှာ အံ့ဖွယ်သရဲ ထူးကဲသောအမှုများကို လုပ်ပြနိုင်စွမ်းရှိသည်ဟု ယုံကြည်တက်၏ ။
ဗုဒ္ဓဘုရားရှင်၏ ဘုန်းတော်အနန္တကို ဗုဒ္ဓဝါဒီတို့ စွဲစွဲမြဲမြဲ ယုံကြည်ကြခြင်းမှာ အံ့သြဖွယ်ရာမဟုတ်ပေ ။ သို့ရာတွင် တန်းခိုးအစွမ်းကို စွဲလမ်းခြင်း ရှိရန် အားထုတ်မှုနှင့် တန်ခိုးပြသမှုများအား ဗုဒ္ဓလမ်းစဉ်နှင့် လုံးလုံးလျားလျား ဆန့်ကျင့်လှကြောင်း ထေရဝါဒ ကျမ်းများ၌ တွေ့ရှိရလေ၏ ။ ဗုဒ္ဓသည် ရဟန်းတို့အား တန်ခိုးပြာဋိဟာပြမှုကို ပိတ်ပင်တားမြစ်ခဲ့ပါ၏ ။ လိစ္ဆဝီမင်းသား သုနက္ခတ္တက တန်ခိုးပြရန်တောင်းပန်သော်လည်း ပြတော်မမူခဲ့ချေ ။ ( ဒီဃနိကာယ် ပါထိကသုတ် ) ။ အံ့ဖွယ်သရဲအမှုကို ရဟန်းတို့ ပြုလုပ်ပြသခြင်သည် ဗုဒ္ဓသာသနာ၏ ဆုတ်ယုတ်ကြောင်းဖြစ်၏ ။ ( အင်္ဂုတ္တရနိကာယ် ဒသကနိပါတ် )
တန်ခိုးပြာဋိဟာနှင့်ပတ်သတ်၍ ကေဝဋ္ဋ သူကြွယ်သားက သာသနာတော်၏ အကျိုးစီးပွားအတွက် တန်ခိုးပြာဋိဟာ ပြသနိုင်မည့် ရဟန်းတစ်ပါးခန့်ထားရန် ဗုဒ္ဓအား တောင်းပန်လျောက်ထား၏ ။ ဗုဒ္ဓသည် ထိုအကြံပေးချက်ကို လက်မခံပဲ တန်ခိုးဖန်ဆင်းခြင်း ပြာဋိဟာ ။ အတပ်ဟောခြင်း ပြာဋိဟာနှင့် ဆုံးမခြင်း ပြာဋိဟာဟူ၍ ပြာဋိဟာ သုံးမျိုးရှိသည် ။ ငါဘုရား၏ ပြာဋိဟာမှာ ဆုံးမခြင်းဖြစ်သည် ။ တန်ခိုးဖန်ဆင်းခြင်း အတက်ဟောခြင်းဖြင့် ပြာဋိဟာပြသသော ရဟန်းတို့ကို လူတို့က ဤရဟန်းသည် ဂန္ဓာရီအတက် ။ စိန္တမဏိ အတက်ဖြင့် တန်းခိုးပြသည်ဟု စွပ်စွဲဖွယ်ရှိ၏ ။ ထို့ကြောင့် ငါဘုရားသည် တန်ခိုးပြာဋိဟာပြခြင်းကို အပြစ်မြင်၍ တန်ခိုးပြာဋိဟာပြရန် ဝန်လေးသည် ရှက်သည် စက်ဆုပ်သည်ဟု မိန့်ကြား၏ ။ ( ဒီဃနိကာယ် ကေဝဋ္ဋသုတ် )
အထက်ပါတရားတော်အရပင်လျှင် တန်ခိုးပြသမှုသည် ဗုဒ္ဓနှင့် မသတ်ဆိုင်သည်ကို တွေ့မြင်ယုံတာမက ဗုဒ္ဓသည် လူတို့အား တရားအဆုံးအမကိုသာ ဟောပြောလမ်းပြသော ရှေ့ဆောင် ဦးရွက်သူဖြစ်ကြောင်း ထင်ရှားလေသည် ။ တန်ခိုးနှင့် ပတ်သတ်၍ အမျိုးအမည်ပေါင်းများစွာရှိပါသော်လည်း ဗုဒ္ဓအတွက်မူ ဆုံးမသွန်သင်ခြင်းမှလွှဲ၍ အံ့ဖွယ်တန်ခိုးပြသမှုကို ချီးကျူးဖေါ်ပြသော ကျမ်းများအား ထေရဝါဒတွင် မတွေ့ရှိရပေ ။ ထက်မံ၍ ဗုဒ္ဓအဆုံးအမတစ်ရပ်ကို တင်ပြပေးရလျှင်မူ " သင်တို့သည် ကိုယ်တိုင်အားထုတ်လော့ ။ ဘုရားရှင်တို့သည် လမ်းမှန်ကို ညွှန်ကြားရုံသာ ဖြစ်၏ " ဟု ခုဒ္ဒကနိကာယ် ဓမ္မပဒ ၂၇၆ တွင် ဖွင့်ဆိုဖေါ်ပြထားကြောင်း တွေ့ရှိနိုင်ပေသည် ။
ဒေါနဗြာဟ္မဏသည် ဗုဒ္ဓအား အရှင်ဂေါတမသည် လူလော နတ်လော ဂန္ဓဗ္ဗလောဟု မေးသောအခါ ဗုဒ္ဓက ငါသည် လူမဟုတ် နတ်မဟုတ် ဂန္ဓဗ္ဗလည်းမဟုတ်ဟု ဖြေ၏ ( အင်္ဂုတ္တရနိကာယ် စတုက္ကနိပါတ် ဒေါနဗြာဟ္မဏသုတ် ) ။ ဤစကားအရမူ ဗုဒ္ဓသည် လူတို့က တန်ခိုးရှိသည်ဟု အစဉ်အလာယုံကြည်သော နတ်ဗြဟ္မာမဟုတ် ။ ကိလေသာတရား လွှမ်းမိုးနေသော လူပုဂ္ဂိုလ်ဖြစ်ကြောင်းလည်း မဟုတ်ဟု နားလည်ရမည်ဖြစ်သော်လည်း ပုဂ္ဂိုလ်စွဲကြည်ညိုသော ဗုဒ္ဓဝါဒီတို့ကမူ တစ်မျိုးတစ်ဖုံ နားလည်ကြပြန်လေသည် ။ ဗုဒ္ဓသည် မိမိနှင့် ရဟန္တာတို့ ကွဲပြားခြားနားပုံကို ဟောကြားကြားချက်တစ်ခုက ပို၍ပင် ထင်ရှားရှိလှပေ၏ ။ ထိုဟောကြားချက်မှာ" ရဟန်းတို့ ကိလေသာမှ လွတ်သောရဟန်းနှင့် ငါဘုရား၏ ထူးခြားကွဲလွဲသော အကြောင်းကား အဘယ်နည်း ။ ငါဘုရားသည် နိဗ္ဗာန်သို့ရောက်ကြောင်း မဂ်ခရီးကိုဖြစ်စေ၏ ။ မဟောအက်သေးသော မဂ်ခရီးကို ဟော၏ ။
နိဗ္ဗာန်သို့ရောက်ကြောင်းခရီးကိုသိ၍ သိပြီးသော နိဗ္ဗာန်ကို ထင်ရှားစေ၏ ။ န်ဗ္ဗာန်ခရီးလမ်း ဟုတ် ။ မဟုတ်၌ လိမ္မာ၏ ။ ငါဘုရား၏ တပည့်တို့သည်ကားငါဘုရားဟောကြားသော နိဗ္ဗာန်လမ်းခရီးကို အစဉ်လိုက်ကုန်သော နောက်မှလိုက်သောသူတို့ဖြစ်ကြ၏ " ( သံယုတ္တနိကာယ် ခန္ဓသံယုတ် သမ္ဗသုတ် ) ။ အထက်ပါ မိန့်ကြားချက်ကို ထက်မံ၍ ထင်ရှားစေရန် ပါရာဇိကဏ် ပါဠိတော်၌ ဗုဒ္ဓသည် မိမိကိုယ်ကို ကြက်မ၏ ဥအတွင်းမှ ကြက်ငယ်အပေါင်းတို့တွင် ဥခွံကို ရှေးဦးစွာ ဖောက်ခွဲလျက် ချမ်းသာစွာ ပေါက်ပွားလာသော ကြက်ငယ်နှင့် ဥပမာ ပြတော်မူထားသည်ကို လေ့လာတွေ့ရှိနိုင်ပေသည် ။
ထိုတရားတော်များကို ထောက်ချင့်ရပါလျှင်မူ မြတ်စွာဘုရားသည် မဂ်လမ်းကို ဖေါ်ဆောင်ညွှန်ပြသူအဖြင့် ထင်ရှားစေရုံသာမက ကျွန်တော်တို့သည် ဗုဒ္ဓညွှန်ပြသာ မဂ်လမ်းကို လျောက်ရမည့်သူများးဖြစ်သောကြောင့် ဗုဒ္ဓအား ကိုးကွယ်မှုသည် ရှေ့ဆောင်လမ်းပြသူအဖြင့် အလွန်မှ ထင်ရှားလေတော့၏ ။
မြတ်စွာဘုရားရှင်၏ အံ့ဖွယ်တန်ခိုးတော် ( ၁၈ ) ပါး ကို ထုတ်ဖေါ်လေ့လာနိုင်ပါလျှင်လည်းပင် ဖန်ဆင်းရှင် အင်္ဂါနှင့် အလွန်မှခြားနားကြောင်း တွေ့ရပေအုန်းမည်ဖြစ်သည်။ ထိုတန်ခိုးတော် ၁၈ ပါးကို ထုတ်ဖေါ်ရပါလျှင်မူ သင်္ကန်းတော်ကို ဖွပ်ဆိုး လျှောနယ်ရမှု စသည်များ လုံးဝမရှိခြင်း ( ခန္ဓာသည် ကိလေသာအညစ်ကြေးများကင်းစင်သောကြောင့် ထွက်ရှိသော ချွေးတို့သည် ရှင်းသန့်လျက်ရှိ၏ ထို့ကြောင့် လျော်စရာမလိုခြင်း ) ။ ဆံတော်သည် လက်နှစ်သစ်သာ အမြဲတည်နေခြင်း ။ ပရိက္ခရာဆောင်ရာ၌ ကိုယ်တော်နှင့် လက်လေးသစ်မျှ ကွာခြားခြင်း ( ရသတဏှာမှ ကင်းစင်သောကြောင့် ကောင်း၏ မကောင်း၏ဟု အလိုမဖြစ်ခြင်းကို ထင်ရှားရန် ရသတဏှာနှင့် အလွန်ဝေးကွာကြောင်းပြဆိုခြင်း ) ။ သပိတ်တော်ဆေးလျှင် လက်တော်စင်ခြင်း ။ လက်တော်ဆေးလျှင် သပိတ်တော်စင်ခြင်း ( ဝတ်ကြီး ဝတ်ငယ်ကို တစ်ပါးသူ ပြုပေးခြင်းကြောင့် လက်တော်တာရေဖြင့် စင်ကြယ်စေပြီး သပိတ်တော် ဆေးလျှင်မူ လက်တော်လည်း စင်ကြယ်ပြီး ဖြစ်လေသည် ) ။ ရောင်ခြည်တော်ခြောက်ပါးကို လွှတ်တော်မူလျှင် အရပ်ဆယ်မျက်နှာသို့ ပျံ့နှံ့ခြင်း ။ ကိုယ်တော်၏ ပုံတူကို အသိန်းအသန်း ဖန်ဆင်းနိုင်ခြင်း ။ မုန့်ညင်းစေ့ခန့် ကြုတ်အတွင်းသို့ ဝင်ထွက်နိုင်ခြင်း ။ ကိုယ်ကို အထက်ကောင်းကင်မှ လဝန်းပေါ်သကဲ့သို့ ဖန်ဆင်းနိုင်ခြင်း ။ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အသံတော်ဖြင့် ဟောတော်မူသော တရားတော်များကို ပရိသတ်အားလုံးသို့ ကြားနိုင်စေခြင်း ။
အာသာယာနုသယ ဉာဏ်တော်ရှိခြင်း ။ ကျွတ်မည့်သူကိုသိသည့် မဟာကရုဏာ သမာပတ္တိဉာဏ်တော် ရှိခြင်း ။ ဘယ်အချိန် ဘယ်အခါ ကျွတ်မည် စသည်ဖြင့် သိနိုင်သော ဣန္ဒြိယ ပရောရိယတ္တိဉာဏ်တော် ရှိခြင်း ။ ဝိကာရကို သိသောဉာဏ် ။ သင်္ခါရကို သိသောဉာဏ် ။ လက္ခဏာကို သိသောဉာဏ် ။ နိဗ္ဗာန်ကို သိသောဉာဏ် ။ ပညတ်ကို သိသောဉာဏ် စသည်တို့ဖြစ်ကြောင်း လေ့လာဖတ်ရှုရလေ၏ ။
ထိုအံ့ဖွယ်တန်ခိုးတော်များတွင်လည်းပင် ဖန်ဆင်းခြင်းနှင့် ဆုတောင်း ဆုယူခြင်းများမှာ တစ်ခုမှ ပါဝင်ခြင်းမရှိကြောင်း တွေ့ရှိရမည်ဖြစ်သည် ။
ဤအကြောင်းအရာနှင့်ဆက်စပ်၍ ဗဟုသုတတစ်ခု ဖေါ်ထုတ်ပြသပေးရလျှင်မူ ဗုဒ္ဓကိုးကွယ်မှုကို အထူးကူညီထောက်ပံ့သော အိန္ဒိယ ဘာသာရေး ဝါဒမှာ ဘက္ကတိဝါဒ ဖြစ်၏ ။ ဘီစီ သုံးရာစုခေတ်၌ ထွက်ပေါ်သောဘဂဝါဂီတကျမ်း၌ ထင်ရှား၏ ။ ဘက္ကတိဝါဒ၏ ပဓာနလက္ခဏာမှာ ဘုရားသခင်ကို ကြည်ညိုမြတ်နိုးး ပူဇော်မှုဖြစ်၏ ။ ထိုဝါဒကို ဘဂဝါ ဝါဒဟူ၍လည်း ခေါ်သောကြောင့် ဗုဒ္ဓကို ဘဂဝါဟု ခေါ်ဝေါ်သော ပါဠိပိဋကတ် ထဲ၌ ဘက္ကတိဝါဒ မသိမသာ ဝင်ရောက်နေကြောင်း သိအပ်၏ ။
အိန္ဒိယ ပညာရှင်တစ်ဦးသည် အထက်ပါ ဗုဒ္ဓနှင့် ဘဂဝါ ကို အဓိပ္ပါယ် ခွဲပြထားသောကျမ်းအား ထုတ်ဖေါ်တင်ပြပေးရလျှင်မူ " ဘဂဝါသည် ဗုဒ္ဓကို ကြည်ညိုသောသူတို့ သုံးစွဲသောပုဒ်ဖြစ်၍ ထူပါရုံ စေတီ ကျောက်စာများ၌ အများအားဖြင့် တွေ့ရ၏ ။ ဗုဒ္ဓမှာ ဂေါတမ၏ဝါဒကို သိရှိရန် လေ့လာသောသူတို့က ခေါ်ဝေါ်သော အမည်ဖြစ်၏ ။ ဗုဒ္ဓဝါဒသည် ဗုဒ္ဓကို အကြောင်းပြု၍ ဗုဒ္ဓကဲ့သို့ မှန်တရားကို ရှာဖွေသောသူတို့၏ ဝါဒဖြစ်၏ ။ ထေရဝါဒနှင့် ဘဂဝါ ဝါဒသည် တစ်ခြားစီဖြစ်၏ ။ သို့စဉ်လျက် ဗုဒ္ဓကို ဘဂဝါဟုလည်း ခေါ်ကြ၏ ။ ဤသည်မှာ ဗုဒ္ဓသာသနာထဲသို့ ဘက္ကတိဝါဒ ဝင်ရောက်သော လက္ခဏာဖြစ်၍ နောက်ကာလ၌ ဗုဒ္ဓအား အခြားဘာသာ၌ရှိသော ဖန်ဆင်းရှင်အဖြင့် ရှစ်ခိုးပူဇော်ခြင်း ဆုတောင်းခြင်း တ်နခိုးတော်အနန္တကို ယုံကြည်ခြင်း စသည်တို့ဖြင့် သိသာထင်ရှားလာ၏ " ဟု ဖေါ်ပြခဲ့လေသည် ။
အချုပ်အားဖြင့်မူ ဗုဒ္ဓဝါဒီတို့သည် ဗုဒ္ဓအား ပုဂ္ဂိုလ်အနေဖြင့် ရှေးယခင်က ကိုးကွယ်ကြသည်မဟုတ်သောကြောင့် အိန္ဒိယပြည်ရှိ ဆန်ချီ ဘာရပ် အမရဝတီ စသော ရှေးဗုဒ္ဓဘာသာဝင်များ တည်ထားခဲ့သော ထူပါရုံ စေတီများတွင်ရှိသည့် ကျောက်ဆစ်ပန်ချီများ၌ ဗုဒ္ဓရုပ်ပုံအား လုံးဝမဖေါ်ပြထားကြပေ ။ ဗုဒ္ဓဖွားမြင်ခန်း၌ ဘုရားလောင်မင်းသား၏ ပုံကို အတွေ့ရချေ ။ သိဒ္ဓတ္ထမင်းသား တောထွက်ခန်း၌ လူမပါသောမြင်းကို ပြထား၏ ။ ဓမ္မစကြာတရား ဟောတော်မူခန်း၌ ပဉ္စဝဂ္ဂီငါးဦးနှင့် တရားပလ္လင်ကိုသာပြ၍ ဗုဒ္ဓကို ပြမထားချေ ။ အနာထပိဏ်သူဌေးက ဗုဒ္ဓအား ဇေတဝန်ကျောင်း မြေရာလှူဒါန်းသောအခန်း၌လည်း ဗုဒ္ဓပုံကို ချန်လှပ်ထားကြောင်း တွေ့ရှိရသည်ဖြစ်သောကြောင့် ရှေးယခင် ဗုဒ္ဓဝါဒီများသည်လည်း ပုဂ္ဂိုလ်အနေဖြင့် မကိုးကွယ်ပါပဲလျက် ရှေ့ဆောင်လမ်းပြသူအဖြင့်သာ ကိုးကွယ်ဆည်းကပ်ခြင်းဖြစ်ကြောင်း ထင်ရှားလေတော့၏ ။
ထို့ကြောင့် ဗုဒ္ဓဝါဒီစစ်စစ်ဖြစ်သော ထေရဝါဒ တို့သည် ဗုဒ္ဓအား ဖန်ဆင်းရှင် တစ်နည်း တန်ခိုးရှင်အဖြင့် ပူဇော်ခြင်းမဟုတ်ပဲ မှန်ကန်သော သစ္စာလေးပါး မဂ်လမ်းကြောင်းအား ဖေါ်ဆောင်ညွှန်ပြပေးခဲ့သည့် ရှေ့ဆောင်လမ်းပြသူအဖြင့်သာ ပူဇော်ဆည်းကပ်ခြင်းဖြစ်သည်အား အထောက်အထားများနှင့်တကွ ရေးသားတင်ပြလိုက်ရပါတော့၏ ။
ဗဟုသုတ ရရှိနိုင်ကြပါစေခင်ဗျာ ။
#htoohtoolay
No comments:
Post a Comment