Sunday, January 10, 2016

ဝိပဿနာ ခရီစဉ် အကျဉ်း 

ဝိပဿနာ ခရီစဉ် အကျဉ်း
------
သုတမယညာဏ် ။ စိန္တာမယညာဏ် ။ ဘာဝနာမယညာဏ်ဆိုတာဟာ သင်ယူနာကြား မေးမြန်းခြင်းအားဖြင့် သိသောညာဏ် ။ ကြံစည်စိတ်ကူးခြင်းဖြစ် သိသောညာဏ် ။ ပွါးများအားထုတ်ခြင်းဖြစ် သိသော ဝိပဿနာညာဏ်လို့ ဒီလိုခေါ်ဆိုခြင်းဖြစ်ပါတယ် ။

ထိုထိုအကုသိုလ် အင်္ဂါကို ဇော ၇ ကြိမ်ဖြင့် ပယ်သော ကာမကုသိုလ်ပညာကို တဒင်္ဂပဟာန် ။ အကုသိုလ်ကို ဝေးအောင်ခွါသော ရူပ အရူပ - မဟဂ္ဂုတ်ကုသိုလ်ပညာကို ဝိက္ခမ္ဘနပဟာန် ။ အကုသိုလ်ကို တစ်ကြိမ်တည်းဖြင့် ပြီးအောင်သတ်သော မဂ်လေးပါးပညာကို သမုစ္ဆေဒပဟာန် လို့ ခေါ်ပါတယ်။

ဤကား ရုပ် ဤကား နာမ် ဤမျှရှိသည် ဤကား အကြောင်းဖြစ်သည်ဟု သိထိုက်သမျှကို သိသောညာဏ်ကို ဥာတပရိညာမည်ပါတယ်လို့ ဒီလိုဆိုပါတယ် ။ ဤရုပ် ဤနာမ်သည် အနိစ္စ ဒုက္ခ အနတ္တဖြစ်သည်ဟုဆုံးဖြတ်သော ဝိပဿနာညာဏ်ကို တီရဏပရိညာမည်ပါတယ်လို့ ဆိုပါတယ် ။ ဒိဋ္ဌိကိလေသာတို့ကို ပယ်စွန့်လျက် သိသော ဝိပဿနာညာဏ်ကိုကျတော့ ပဟာနပရိညာမည်ပါတယ်လို့ မှတ်သားရပါတယ် ။ ဤကားရုပ် ဤကားနာမ်ဟု ပိုင်းခြားသိသော နာမရူပပရိစ္ဆေဒဉာဏ်သည်လည်းကောင်း ဤရုပ် ဤနာမ်တို့၏ အကြောင်းကို သိမ်းဆည်းတက်သော ညာဏ်သည် လည်းကောင်း ဤညာဏ်နှစ်ပါးသည် ဥာတပရိ၏ ဖြစ်ရာဌာန ဖြစ်ပါတယ်လို့ ဒီလိုဆိုပါတယ် ။

အာရုံကိုမသိသော ပထဝီ အာပေါ စသော သဘောတရားသည် ရုပ်မည်၏ ။ပူခြင်း အေးခြင်း စသည်ကြောင့် အသွင်မတူပြောင်းလွှဲ၍ ဖြူ မဲ ပိန် ထွား ချို ခါး မွှေး နံ ဖောက်လွှဲဖေါက်ပြန် ဖြစ်တက်၏ ။ အာရုံကိုသိသော စိတ် စေတသိက်သည် နာမ်မည်၏ ။ အာရုံသို့ ရှေ့ရှုညွတ်တက်၏ ။ ဤသို့ ရုပ်နာမ်ကို ပိုင်းခြား မှတ်သားရပါတယ် ။

ဤရုပ်ဤနာမ်မှတပါး ငါ သူတစ်ပါး ယောက်ျား မိန်းမ မရှိဟု ဒိဋ္ဌိကို တားနိုင်အောင် ပိုင်းခြားနိုင်လျှင် သက္ကာယဒိဋ္ဌိ ကွာပါတယ် ။ ပုထုဇဉ်အဖြင့်မှ လွတ်သွားပါတယ်လို့ ဆိုပါတယ် ။ အနာတွေ့လျှင် အကြောင်းရှာရပါတယ် ။ ကလေးငယ်တွေ့လျှင် မိခင်ရှာရပါတယ် ။ ထို့အတူပါပဲ ရုပ်နာမ်တွေ့လျှင် အနာသဖွယ် သူငယ်အလား သဘောထားပြီး အကြောင်းရှာရပါတယ် ။ ထို့ကြောင့် ဤရုပ် ဤနာမ်သည် အဝိဇ္ဇာ တဏှာ ကံ စသော အကြောင်းကြောင့် ဖြစ်သည် ။ အကြောင်းမကင်းသော အကျိုးတရားတာဖြစ်သည်ဟု အကြောင်းကို သိမ်းဆည်းရပါတယ် ။

အဲဒီ့ညာဏ်ရသူဟာ အကြောင်းမကင်းသော အကျိုး တရားအပေါင်းသာ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ဟု သိပါတယ် ။ သူ့ကြောင့် ငါ့ကြောင့် ငါ သူတစ်ပါး ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ ဟူ၍ မရှိဟု သိပြီး ယုံမှာသံသယကင်းစင်သွားပါတယ် ။ သာသနာ၌ ထောက်တည်ရာ ရသွားသူဖြစ်ပါတယ်လို့ ဆိုပါတယ် ။ စူဠသောတပန်ခေါ်သော သောတပန်ဖြစ်သွားပါတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ် ။

အကြောင်းသိမ်းဆည်းပြီးသော ရုပ်နာမ်တို့ကို အနိစ္စ ဒုက္ခ အနတ္တ ဟု အဖန်ဖန်သုံးသပ်ခြင်းသည် သမ္မသနညာဏ် မည်ပါတယ် ။ အဆင်းတစ်ခုခုမြင်သောအခါ ဤအဆင်းနှင့် ဤမျက်စိသည် အကြောင်းတရားတို့ ညီညွတ်တော့မှ ဖြစ်ပေါ်လာတဲ့ ရုပ်ဖြစ်ပါတယ် ။ မြင်ခြင်း သိခြင်းသည် အကြောင်းတရားတို့ ညီညွတ်တော့မှ ဖြစ်ပေါ်လာတဲ့ နာမ်ဖြစ်ပါတယ် ။ ဤရုပ် ဤနာမ်မှတစ်ပါး မြင်တက် သိတက်သော ပုဂ္ဂိုလ် သတ္တဝါဆိုတာမရှိတော့ဘူး ။ ဒါတွေဟာလည်း အနိစ္စ ဒုက္ခ အနတ္တ တွေပါ ။ ဤသို့ဆင်ခြင်မိပါက သမ္မသနညာဏ်မည်ပါတယ်လို့ ဒီလိုဆိုတာပါ ။ အဖန်ဖန်ရှုမှတ်နေပါတယ် ။

အတိတ်ရုပ်က အတိတ်မှချုပ်သွားပြီ ။ အနာဂတ်ရုပ်က အနာဂတ်မှ ချုပ်မှာပဲ အခုရုပ်ဟာလည်း အခုအချိန်အတွင်း ချုပ်ပျောက်နေတယ်လို့ ဒီလိုဆင်ခြင်မိလာတဲ့အခါ အနိစ္စ ဒုက္ခ အနတ္တ ညာဏ်ဟာ အလိုလို ဆင်ခြင်ပြီးသားဖြစ်လာပါတယ်။ အဝိဇ္ဇာကြောင့် သင်္ခါရတာဖြစ်တယ် ။ ငါ့ကိုယ် ငါ့ဟာ ငါမဖြစ် ။ သင်္ခါရကြောင့် ဝိညာဏ်သာဖြစ်တယ် ။ ငါ့ကိုယ် ငါ့ဟာ ငါမဖြစ် ။ ဤနည်းမှီ၍ ဇာတိကြောင့် ဇရာမရဏဖြစ်တယ် ။ ငါ့ကိုယ် ငါ့ဟာ ငါမဖြစ် ။ အနိစ္စ ဒုက္ခ အနတ္တ ဆိုပြီး သုံးသပ်မိလာပါတယ်လို့ မှတ်သားရပါတယ် ။

ဤရုပ်သည် အဝိဇ္ဇာ တဏှာ ကံ အာဟာရ ဖြစ်ခြင်းကြောင့် ဖြစ်သည် ။ ဥပါဒ်အခါလဲ ဖြစ်ခြင်းပင်တည်း ။ ဤကား ဥဒယ ငါးပါး ။ အဝိဇ္ဇာ တဏှာ ကံ အာဟာရ ချုပ်ခြင်းကြောင့် ချုပ်သည် ။ ဘင်အခါလည်း ချုပ်ခြင်းပင်တည်းဟု သိသော ညာဏ်ဖြစ်ပါတယ် ။ အဲဒီ့ရှုပုံကို ဥဒယဗ္ဗညာဏ်ရှုပုံဟု ခေါ်ပါတယ် ။

အဲဒီလိုအဆင့်ဆင့် ရှုမြင်လာခဲ့ရာ ညာဏ်တွေ ထင်ရှားလာရခြင်းဖြစ်တယ် ။မြင်မှုတိုင်းဟာ အဆင့်ကျော်ပြီးမမြင်နိုင်သလို ခန္ဓာညာဏ်စိုက်ပြီး ဖြစ်ပျက်ရှုရမှာဖြစ်ပါတယ် ။ လှုပ်ရှားတိုင်းလည်း ခန္ဓာမှ အာရုံကိုမှီစေကာ ညာဏ်စိုက်ထားပါက ဝိပဿနာညာဏ်ကို တည်စေလာခဲ့ပါတယ် ။ ရှေ့ကအဆင့်များအား ထင်ရှားစွာ ညာဏ်၌ ထင်ပေါ်လာခဲ့ခြင်းကြောင့် ကိလေသာကို မဂ်နဲ့ ပယ်လိုက်နိုင်သွားပါတယ် ။ ဘယ်လို ပယ်သလဲဆိုရင် ကာလသုံးပါးလုံးဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ ကိလေသာတို့ကို မဂ်က မပယ်ပါဘူး ။ ကာလသုံးပါးမှလွတ်သော အနုသယ ကိလေသာကိုသာ ဖြစ်သင့်ချိန်၌ မဖြစ်ပေါ်အောင် ပယ်လိုက်ခြင်းဖြစ်ပါတယ်လို့ ဒီလိုဖွင့်ဆိုထားပါတယ် ။

ထို့ကြောင့် ဝိပဿနာညာဏ်ဟာ အဆင့်များစွာရှိပြီး ထိုညာဏ် အဆင့် ၁၆ ပါးစလုံးးဟာ ကျော်တက်ပြီး မြင်နိုင်စွမ်းမရှိပါဘူးလို့ ဒီလို သိရှိရမှာဖြစ်ပါတယ် ။ ဒီဖြစ်ပျက်ကို မြင်ပြီးပါက ဒီအဖြစ်ကို သိနိုင်မယ် ။ ဒီအဆင့်ကိုသိနိုင်မှ ဒီအရာကို သိနိုင်မယ် ။ ဥပမာ လှေကားတက်သလိုပါပဲ ။ ပထမအဆင့်က လှေကားထစ်ဟာ ဒုတိယအထစ်ကို ကျေးဇူးပြုတယ် ။ ဒုတိယအထစ်က တတိယလှေကထစ်ကို ကျေးဇူးပြုတယ် ။ အောက်ဆုံးကနေ ကျော်ပြီး အပေါ်ဆုံးကို ခုန်တက်နိုင်စွမ်းမရှိပါဘူးလို့ ဒီလိုနားလည်မှတ်သားရမှာပါတယ် ။ ရှေ့က ညာဏ်တွေမဖြစ်သေးဘဲ ပစ္စုပ္ပန်ကမ္မကိုမြင်ပြီဆိုလျှင်တော့ !

#htoohtoolay

No comments:

Post a Comment