Tuesday, January 12, 2016

ခရစ်ယာန်သမိုင်း

ခရစ်ယာန်သမိုင်း  (သခင်ယေရှု )
----------------------
အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဂေါတမ မြတ်စွာဘုရား ပွင့်ချိန်အခါ၌ ကမ္ဘာ့အနောက်နိုင်ငံများတွင် ရောမနိုင်ငံသည် အလွန်စည်ကား ကြီးကျယ်လျက်ရှိလေသည် ။
၎င်းရောမမြို့သက် နှစ်ပေါင်း ၇၀၀ ရာခန့်တွင် ရောမသည် အင်ပါယာအားဖြင့် ကြီးကျယ်လှသည် ။ သို့သော် တိုင်းပြည်ကြီးကျယ်ခမ်းနားသလောက် အတွင်းရေးများ ရှုပ်ထွေးလျက်ရှိသည် ။ ရောမသည် နှစ်ပေါင်း ၂၀၀  ရာခန့်မျှ ပြည်တွင်း ပြည်ပ စစ်မက်များ ပြိုင်ဆိုင်နေရသဖြင့် ပြည်တွင်းစီးပွားရေးထိခိုက်ပြီး လူငယ် လူရွယ်နှင့် လူတော် လူကောင်းများ ဆုံးရှုံးပျက်ဆီးရသည် ။
တောင်သူလယ်သမားများနှင့် အလုပ်သမား အပေါင်းတို့မှာလည်း ကျွန်ခံရသည့် အခြေသို့ရောက်ကာ မြို့ကြီး ပြကြီးများမှာ မွဲတေလျက်ရှိကြသည် ။
မင်းမှုထမ်းများသည် စားဝတ်နေရေး ကျပ်တည်းမှုကြောင့် တံစိုးလက်ဆောင်များ စားကြကာ စာရိတ္တ ပျက်လျက်ရှိသည် ။ အဆိုးဆုံးမှာ ရောမလူမျိုးတို့၌ လူမှုဆက်ဆံရေး ကြမ်းတမ်းမှုသည် အခြားလူမျိုးတို့၌ ဒုက္ခရောက်၍ သွေးထွက်သံယိုမှုများ ဖြစ်သည့်အခါ စိန်းစိန်းကြည့်၍ သဘောကျကာ ကိုယ်ချင်းမစာတက်ခြင်းပင်ဖြစ်သည် ။

ဆင်းရဲနွမ်းပါးသူအများမှာ ကုဋေနှင့် ချီလျက် လေးလံသော ကျောက်တုံးကြီးအောက်တွင် ပိတ်မိနေသော ပုရွတ်ဆိတ် သတ္တဝါများသဖွယ်ရှိလေသည် ။ ရောမမြို့သက် နှစ်ပေါင်း ၇၅၃ နှစ်တွင် ဂျူးလီယက်ဆီဇာ သြဂတ်စတပ်ဘွဲ့ခံ အောက်တေးဗီယက်ဘုရင် ပဲလေတိုင်နန်းတော်ကြီးတွင် မင်းဧကရာဇ် စည်းစိမ်ကို ခံစားလျက်ရှိစဉ် ဘီစီ ၄ တွင် . . .
ဂျေရုဆလင်နှင့် ငါးမိုင် ဝေးသော ဘက်သလင်မြို့ တစ်ခုသော နွားတင်းကုတ်အတွင်း၌ လက်သမားအလုပ်ဖြင့် အသက်မွေးသော ဂျိုးဇက် ၏ ဇနီး မေရီဝမ်း မှ ယေရှု အမည်တွင်သော သားယောက်ျားလေးတစ်ဦးကို ဖွားမြင်ခဲ့ပေသည် ။

လောကကြီး၏ ပြောင်းလဲမှု ဖြစ်ပျက်မှုများသည် ဆန်းကျယ်ရကား မကြာမီ ပဲလေတိုင်နန်းတော်ကြီးနှင့် နွားတင်းကုတ်တို့၏ ပြိုင်ပွဲသည် ပြင်းထန်စွာ ပေါ်ပေါက်လာခဲ့ပြီး နန်းတော်ကြီးအား ရေရှည်တွင် နွားတင်းကုတ်က အောင်ပွဲခံသွားမည်ကို မည်သူ တစ်ဦးတစ်ယောက်မျှ တွေးတော၍ မသိရှိနိုင်ကြပါချေ ။
ရောမနိုင်ငံအတွင်း နေထိုင်သော အောက်တန်းစား ဆင်းရဲသားများသည် ရှေး ဘိုးဘေးဘီဘင်တို့ ကိုးကွယ်သော နတ်များကို  ကိုးကွယ်ကြပြီး တစ်နှစ်တစ်ကြိမ် နတ်ကွန်းများသို့ သွားလေ့ရှိကြသည်။ ထိုအခါ နတ်ပွဲကြီးများကျင်းပ၍ အခမ်းအနားများနှင့် မြို့ကိုလှည့်လည်မှုများ ပြုလုပ်သော်လည်း နှောက်ယှက် ဟန့်တားသူများ မရှိပဲ အားလုံးကြည့်နေကြလေ၏ ။
သို့သော် ရောမနိုင်ငံကြီးတွင် ဂျူပီတာ မီနာဖတ် နတ်ပကျွန်း စသည့်နတ်များကို ကိုးကွယ်ခြင်းသည် တိုင်းပြည်ထူထောင်စခေတ်က လုပ်ခဲ့သော အမှုဖြစ်၍ ယနေ့ခေတ်နှင့် မလျော်တော့ဟု ယူဆလာကြတော့သည် ။ ထို့ကြောင့် ရောမတို့သည် ဘာသာရေးဘက်တွင် အယူမသီးကြ တော့ပေ ။
သို့အတွက် အများအားဖြင့် မိမိတို့ ကြိုက်နှစ်သက်ရာများကို လွတ်လပ်စွာ ကိုးကွယ်ကြသည် ။ ရောမပြည်ကြီးတွင် အီဂျစ် အာဖရိကနှင့် အာရှဒေသများမှ ရောက်လာကြသော နတ်ကွန်းများနှင့် ဘုရားကျောင်း အမျိုးမျိုး ပြည့်နှက်လျက်ရှိလေသည် ။

ယေရှုကို မွေးဖွားပြီးနောက် ယေရှု၏ မိသားစုများသည် ဂေလီလီနယ် နာဇရက်မြို့သို့ ပြောင်းရွေ့နေထိုင်ကြသည် ။
အစ္စရေးဂျူးတို့က မေဆိုင်ရာ ဘုရားတစ်ဆူပွင့်မည်ဟု နိမိတ်ဖက်ခဲ့ခြင်းကို အကြောင်းပြု၍ ယေရှုက မိမိသည်ပင် မေဆိုင်ရာ ဖြစ်သည်ဟုဆို၏ ။ မေဆိုင်ရာဆိုသည်မှာ ဂရိဘာသာဖြင့် ခရစ်တော် တစ်နည်း ဘိသိတ်ခံယူသူဟု အဓိပ္ပါယ်ရသည် ။

ခရစ်ယာန်ဘာသာသည် အစ္စရေးဂျူးတို့၏ တစ်ဆူတည်းသောဘုရားကို ကိုးကွယ်ခြင်းနှင့် ရှေးဦးအစ္စရေးဂျူးတို့၏ ဘာသာရေးအယူအဆများကို အခြေခံသည် ။
ရှေးဟောင်း ရဟူဒီ အစ္စရေးတို့၏ ဘာသာရေးဖြစ်စဉ် ဖေါ်ပြချက်များကိုပင် သမ္မာကျမ်းစာဟောင်း ဘိုင်ဘယ် အဖြစ် ခံယူကြသည် ။
သို့ရာတွင် ရဟူဒီ အစ္စရေးတို့က ယေရှုကို ဘုရားအဖြင့် အသိအမှတ် မပြုကြပေ ။ အစ္စရေး ဘုန်းကြီးများက ယေရှုကို မနှစ်မြို့ကြ ။ သို့သော် ရှင်ပေါလုခေါ် အစ္စရေးတစ်ဦးကမူ ရှေးဟောင်း အစ္စရေးဘာသာကို စွန့်၍ ခရစ်ယာန် သာသနာကို ဟောကြားခဲ့လေသည် ။

ယေရှုသည် သြဂတ်စတပ်ဘွဲ့ခံ အောက်တေးဗီးယက် ဘုရင်လက်ထက် အသက်သုံးဆယ်  အရွယ်တွင် မကျန်းမာသော ဒုက္ခသည်များကို ရှာဖွေပြုစုရင်း တရားဓမ္မများကို ဟောကြားသာသနာပြုခဲ့သည် ။
ယေရှုက " ကမ္ဘာပေါ်တွင် တစ်ဆူတည်းသော ဘုရားသာရှိသည် ။ ထိုဘုရားသည် ကောင်းကင်ဘုံ၌ရှိသည် ။ ဘုရားသခင်သည် မေတ္တာတရားကြီးမား၍ ဘုရားသခင်မျက်မှောက်ဝယ် ဆင်းရဲသူ ချမ်းသာသူဟူ၍ မရှိဘဲ မေတ္တာအရာတွင် အညီအမျှသာ ဖြစ်သည် ။

ရန်သူကို မေတ္တာထားရမည် ။ ကိုယ်ကျင့်တရားကောင်းအောင် စောင့်ထိန်းရမည် ။ လူဟူသမျှကို အတန်းအစားမခွဲခြားဘဲ ညီရင်းအကိုကဲ့သို့ ချစ်ခင်ရမည်ဟု ဆို၏ " ။
ထို့အပြင် ဘုရားသခင်၏ နိုင်ငံတော်ကို လူတို့၏ အသည်းထဲ၌ ထူထောင်အံ့ ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြု၍ ဘုရားသခင်၏ နိုင်ငံတော်တွင် သူ့ပစ္စည်း ငါ့ပစ္စည်း မရှိ အဆင့်အတန်းမခွဲခြား မာန်မာန မရှိဟု ဟောကြားသည် ။

မှတ်ချက် ။ ။
( ရောမအင်ပါရာ၌ ခရစ်တော် ပေါ်ပေါက်ချိန်တွင် မြန်မာနိုင်ငံ၌ သရေခေတ္တရာခေတ် သုမုန္ဒရီမင်းက သာသနာသက္ကရာဇ် ၆၂၄ မှ ၆၂၂ ကိုဖြိုလိုက်ပြီးလျှင် အကြွင်း ၂ မှ စတင်ရေတွက်သော သရေခေတ္တရာ သက္ကရာဇ် ပေါ်ပေါက်ခဲ့၏ )

ဂျေရုဆလင်၌ ခရစ်ယာန်သာသနာ စတင်ပေါ်ပေါက်လာပြီးနောက် ရောမ နိုင်ငံသို့လည်း ခရစ်ယာန်သာသနာ ပျံ့သွားခဲ့သည် ။ ရောမလူမျိုးတို့သည် ဂရိလူမျိုးတို့ကဲ့သို့ပင်နတ်ဘုရားများကိုသာ ကိုးကွယ်ခဲ့ကြပြီး တစ်ဆူတည်းသောဘုရားကို မကိုးကွယ်ကြချေ ။ ( ကမ္ဘာ့သမိုင်းမှတ်တမ်း - ပထမတွဲ စာမျက်နှာ - ၂၅၂ )
တစ်နေ့၌ နာဇရက်မြို့နေ လက်သမားဆရာ၏ သား ယေရှုသည် ရောမအစိုးရကို ပုန်ကန်ရန် လှုံ့ဆော်လျက်ရှိသည်ဟု ကောလဟာလ သတင်းတစ်ခု ထွက်ပေါ်၍ လာခဲ့သည် ။
ရောမစုံထောက်တို့လည်း ချက်ချင်း သတင်းထွက်ပေါ်လာရာသို့ လိုက်လံ၍ စုံစမ်းရာ ၄င်း ယေရှုအမည်ရှိသော ပုဂ္ဂိုလ်မှာ လူကောင်း သူကောင်း တစ်ဦးဖြစ်သဖြင့် အရေးယူရန် အကြောင်းမရှိဟု အထက်အာဏာပိုင်များထံသို့ အစီရင်ခံကြ၏ ။

သို့သော် ရဟူဒီ ဂျူး ယဇ်ပရောဟိက် လူကြီးများသည် ယေရှုအား ဂျူးကျွန်များနှင့် ဆင်းရဲသားများက ကြည်ညိုနေသည်ကို မလိုမုန်းထားကာ ဖမ်းဆီးဖို့ရန် ကြံကြလေ၏ ။
တစ်နေ့တွင် ယဇ် ပရောဟိတ်မင်း ကရာဖ ၏တပည့် ၁၂ ယောက်တို့သည် ဓါးတုတ်တို့ ကိုင်ဆောင်ကာ ရောက်ရှိလာပြီး ယေရှုအား ဝိုင်းဝန်းဖမ်းဆီးကြလေသည် ။ ထို့နောက် သူတို့ဆရာ ကရာဖ ထံ ခေါ်ဆောင်သွား၏ ။ ၄င်းနောက်တွင် ကရာဖက ယေရှုအား သတ်ရန် ကြိုးချည်နှောင်၍ နာဇရက်မြို့ဝန်မင်း ပုန္တိပိလတ် ထံသို့ ပို့ဆောင် အပ်နှင်းကြသည် ။
မြို့ဝန်မင်း ပိလတ်က ယေရှုအား သင်သည် ယုဒရှင်ဘုရင် မှန်သလောဟု မေးလျှင် ယေရှုက မင်းကြီးမေးသည့်အတိုင်း မှန်သည်ဟု ပြောလေ၏ ။ ထိုအခါ၌ ယဇ်ပရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့က ယေရှုအား ဝိုင်း၍ အပြစ်တင်ကြသော်လည်း ယေရှုက တစ်ခွန်းမှ ပြန်မပြောပေ ။ ပိလတ်မင်းက . . .
သင့်အထက်၌ အဘယ်မျှလောက် သက်သေခံကြသည်ကို သင်မကြာားသလော ဟု မေးသော်လည်း စကားတစ်ခွန်းမှ ပြန်မပြောသည်ကို ပိလတ် အံ့သြမိလေသည် ။
ထိုပွဲ၌ မြို့ဝန်မင်း ပိလတ်သည် အကျဉ်းထားသောသူတို့တွင် လူအများတို့အလိုရှိသော လူတစ်ယောက်ကိုလွှတ်ပေးရမြဲ ထုံးစံရှိသည် ။
ထိုအခါ အကျဉ်းထားသော သူတို့ထဲ၌ ဗာရမ္ပ အမည်ရှိ ကျော်ဇောသူ တစ်ယောက်ရှိ၏ ။လူအများစည်းဝေးမိကြလျှင် ပိလတ်မင်းက သင်တို့သည် ဗာရမ္ပနှင့် ယေရှုကို အဘယ်သူအား လွှတ်ပေးစေချင်သနည်းဟု မေးလေ၏ ။

အဘယ်ကြောင့်ဆိုသော် ပိလတ်မင်းသည်ထိုသူတို့က မနာလိုသောစိတ်နှင့် ယေရှုကို ဖမ်းဆီးအပ်နှံကြောင်း သိသဖြင့် မေးမြန်းခြင်းဖြစ်သည် ။
ထိုမှတစ်ပါး တရားပလ္လင်ပေါ်ထိုင်စဉ် အမျိုးသမီးတစ်ယောက်က ၄င်းခင်ပွန်း ယောက်ျားတစ်ယောက်ကိုလွှတ်၍ ထိုဖြောင့်မတ်သောသူကို အဘယ်သို့မျှ မပြုပါနှင့် ။ ယနေ့ပင် ကျွန်မသည် ထိုသူကြောင့် အိပ်မက်ပြင်းစွာ ခံစားရပြီဟု မှာလိုက်၏ ။

ထိုအခါ လူစုလူဝေးတို့သည် ဗာရမ္ပကို လွှတ်ပေးရန် တောင်းဆိုကြ၍ ယေရှုကို သတ်ရန် ဇ်ပရောဟိတ်အကြီးအကဲတို့နှင့် လူအကြီးအကဲတို့အားလည်းကောင်း အခြာစလူများကိုလည်းကောင်း တိုက်သွန်းသွေးဆောင်ကြလေသည် ။ ထိုကြောင့် မြို့ဝန်မင်း ပိလတ်က ဤသူနှစ်ယောက်တို့တွင် ဘယ်သူ့ကို သတ်စေချင်သနည်းဟု ထပ်မံမေးသောအခါ ဗာရမ္ပကိုလွှတ်စေချင်ပါသည် ဟု လျှောက်ကြသည်ဆို၏ ။ ပိလတ်လည်း သို့ဖြစ်၍ ခရစ်ဟုခေါ်သော ယေရှုကို အဘယ်သို့ ပြုရမည်နည်းဟု ထပ်မေးပြန်သော် လူအပေါင်းတို့က ထိုသူသည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံရပါစေလော့ဟု ဆိုကြသည် ။
ပိလတ်သည် အဘယ်ကြောင့်နည်း အဘယ်အမှုကို ပြုသနည်းဟု မေးလျှင် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံရပါစေဟုသာ ထပ်၍အော်ကြသည် ။ ထို့နောက် ပိလတ်သည် လူအများပင် ရှုန်းရင်းဆန်ခတ်ဖြစ်လာသည်ကို တွေ့ရသဖြင့် ဗာရမ္ဗကို လူအများ အရှေ့၌လွှတ်၍ ယေရှုကိုကား သတ်ရန်အပ်လိုက်လေသည် ။
သတ်ရန်နေရာသို့ရောက်လျှင် ယေရှုကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီး ၄င်း ဘေးနှစ်ဘက်တွင် ဓါးပြ တစ်ယောက်ဆီကို လက်ဝါးကပ်တိုင်၌ ကပ်ထားသည် ဆို၏ ။
ယေရှုသေသောအခါ ဗိမာန်တော်၏ ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းသို့ တိုင် တွဲကျ၍ မြေကြီးလည်း လှုပ်၏ ။ကျောက်များတို့သည်လည်း ကွဲပြားကြ၏ ။ ထို့နောက် သင်္ချိုင်းတို့သည် ပွင့်လှစ်သဖြင့် ကျိန်းစက်လျက်ရှိသော သန့်ရှင်းသူတို့၏ အလောင်းများစွာတို့သည် ထကြ၍ ကိုယ်တော် ရှင်ပြန်ထမြောက်တော်မူသည့်နောက် ထိုသူတို့သည် သင်္ချိုင်းအတွင်းမှထွက်၍ သန့်ရှင်းသော မြို့ထဲသို့ ဝင်ကြပြီးလျှင် လူများစွာတို့အား ထင်ရှားစွာ ပြကြသည်ဆို၏ ။

ယေရှုကိုစောင့်သော တပ်သားတို့မှာလည်း မြေကြီးလှုပ်ခြင်း စသည်တို့ကိုမြင်သဖြင့် အလွန်ထိတ်လန့်ကြ၍ စင်စစ် ဤသူသည် ဘုရားသခင်၏သားတော် မှန်ပေ၏ဟု ဆိုကြ၏ ။
ယေရှုသေပြီး ညအချိန်ရောက်သောအခါ မသဲမြို့သား ယောသပ်သူဌေးသည် ယေရှု၏ တပည့်ဖြစ်သူနှင့် မြို့ဝန် ပိလတ်ထံသွား၍ ယေရှုအလောင်းတော်ကို  တောင်း၏ ။ ပိလတ်က ခွင့်ပြုသဖြင့် ယေရှုအလောင်းကို ကျောက်တွင်ထွင်းထားသော မိမိသင်္ချိုင်း သစ်ပင်ထဲ၌ ထား၏ ။ ကြီးစွာသော ကျောက်တုံးကြီးကိုလည်း တွင်းဝမှာ ပိတ်ပြီးမှ သွားလေ၏ ။
နောက်နေ့တွင် ယဇ်ပုရောဟိတ်အကြီးနှင့် ဖာရီရှုတို့သည် ပိလတ်မင်းထံ သွား၍ ယေရှုက ငါသည် ၃ ရက်မြောက်သောနေ့၌ ထမြောက်မည်ဟု မသေမီပြောသည်ကို မှတ်မိပါသည် ။ ထို့ကြောင့် သူ့တပည်းတို့သည် သေခြင်းမှ ထမြောက်တော်မူပြီဟု လူအပေါင်းတို့အားဘပြောဆိုကြသော် ရှေ့အမှားထက် နောက်အမှားက သာ၍ကြီးမည်ဟု စိုးရိမ်ရသဖြင့် သင်္ချိုင်းအတွင်းသို့ သုံးရက်မြောက်အောင် လုံခြုံစွာ စောင့်ခွင့်ပြုပါဟု လျှောက်၏ ။

ပိလတ်က သင်တို့၌ လူစောင့်တစ်တပ်ရှိ၏ ။ သွားကြ ။ တက်နိုင်သမျှအတိုင်း လုံခြုံစွာ စောင့်စေဟု ဆိုသဖြင့် ထိုလူတို့လည်းသွား၍ ကျောက်ကို တံဆိမ်ခပ်ပြီးလျှင် စောင့်ထားလျက် သင်္ချိုင်းတွင်းတော်ကို လုံခြုံစွာ ပြုကြသည်ဆို၏ ။

ယေရှုကိုသတ်သည်မှာ ဥပုသ်နေ့ဖြစ်၏ ။ ထိုဥပုသ်နေ့ နောက် ၇ ရက် မြောက်သည့်နေ့တွင် ပထမနေ့ရက် မိုးလင်းအံ့ဆဲဆဲတွင် မာဂဒါလမာရိနှင့် အခြားသော မာရိသည် သင်္ချိုင်းတော်ကို အကြည့်သွားကြသည် ။ ထိုအခါမြေကြီးသည် ပြင်းစွာလှုပ်လေ၏ ။ အကြောင်းမူကား ထာဝရ ဘုရားသခင်၏ ကောင်းကင်တမန်သည် ကောင်းကင်ဘုံမှ ဆင်းလာ၍ တွင်းဝ၌ ပိတ်ထားသော ကျောက်ကို လှိမ့်လှန်ပြီးလျှင် ထိုကျောက်ပေါ်၌ ထိုင်နေ၏ ။

သူ၏မျက်နှာသည် လျှပ်စစ်ကဲ့သို့ထင်ရ၏ ။ အဝတ်သည်လည်း မိုးပွင့်ကဲ့သို့ ဖြူ၏ ။ လူစောင့်တို့သည် ကောင်းကင်တမန်ကို ကြောက်သဖြင့် တုန်လှုပ်၍ သေမတက် ဖြစ်ကြကုန်၏ ။
ထိုအခါ ကောင်းကင်တမန်က ကြောက်ရွံ့ခြင်း မရှိကြနှင့် ။ လက်ဝါးကပ်တိုင်မှာ သတ်သော ယေရှုကိုသင်တို့ရှာသည်ကို ငါသိ၏ ။ ဤအရပ်၌မရှိ။ မိန့်တော်မူသည့်အတိုင်း ထမြောက်တော်မူပြီ ။ အလျင်အမြန်သွား၍ သေခြင်းမှ ထမြောက်တော်မူကြောင်းကို တပည့်တော်တို့အား ပြောကြလော့ ။ သင်တို့သည် ထိုပြည်၌ တွေ့ကြရလိမ့်မည်ဟု ဆိုလေသတည်း။ ( ဓမ္မသင်စာ - ၂၇ l ၂၈ )
ဤသို့ဖြင့် ယေရှု ကွယ်လွန်သွားသော်လည်း ခရစ်ယာန်သာသနာကား ကျန်ရစ်ခဲ့၏ ။ ဆင်းရဲသား ခရစ်ယာန်ဘာသာဝင်တို့က ကျွန်ပိုင်ရှင်စနစ်ကို ဖျက်သိမ်းပြီးလျှင် လူလူချင်း အခွင့်အရေးတန်းတူ ခံစားသင့်ကြောင်း ဟောပြောလာကြသည် ။

ကျွန်ပိုင်ရှင် လူတန်းစားတို့၏ အုပ်စိုးမှုစနစ်ကိုလည်း ဆန့်ကျင်ရန် လှုပ်ဆော်ကြသည် ။ ထိုအခါ အုပ်စိုးသူ ကျွန်ပိုင်ရှင်တို့က ခရစ်ယာန် ဘာသာဝင်တို့ကို ဖမ်းဆီး၍ အမျိုးမျိုးနှိပ်စက်ကြ၏ ။ ခရစ်ယာန်ဘာသာဝင်တို့၏ တော်တော်လှန်ရေးဝါဒမှာ အကြမ်းမဖက်ပဲ သည်းခံမှုသက်သက်ဖြင့် ဘုရားကိုတိုင်တည်ဆုတောင်းရေးဝါဒဖြစ်သည် ။
ထိုကြောင့် အုပ်စိုးသူ ကျွန်ပိုင်ရှင်တို့၏ ရက်စက်စွာ ဖိနှိပ်ညှင်းဆဲမှုအောက်တွင် ခရစ်ယာန်ဘာသာဝင်တို့ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရ၏ ။
ရဟူဒီ ဂျူးတို့သည် ဘာသာတရား၏ အဆုံးအမတွင် သက်ဝင်ယုံကြည်နေမှုကြောင့် လွတ်လပ်သော ဆင်းရဲသားများနှင့် ကျွန်တို့၏ အကြားတွင် ခရစယာန် သာသနာကား ပျောက်ကွယ်၍ မသွားခဲ့ပေ ။
ထို့ကြောင့် အေဒီ ၁ ရာစုတွင် ရောမနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်း မှာ ကျွန်တို့သည် သခင်တို့က ဖိနှိပ်ခဲ့သောကြောင့် အလုပ်အပေါ်စိတ်ဝင်စားမှုမရှိဖြစ်ရကား အာဏာများဖီဆန်မှုတို့ကြောင့် ရောမကုန်ထုတ်လုပ်ငန်းသည် ပိုမိုကျဆင်းသွားခဲ့သည် ။

ကိုလိုနီ မြေယာစနစ်ဖြစ်သော လာတီဖွန်ဒီယာ ခေါ် ကျယ်ဝန်းသော လယ်ယာမြေကွက်ကြီးများကို အစိတ်စိတ်ခွဲဝေကာ ကျွန်များအား လုပ်ကိုင်စားသောက်စေ၏ ။ မည်သို့ပင်ဖြစ်စေ ကျွန်ပိုင်ရှင်စနစ်ကြီး၏ ယိမ်းယိုင်လာခြင်းကို တားဆီး၍ မရနိုင်ရကား အေဒီ ၁ ရာစုမှစ၍ ရောမတို့သည် အကျပိုင်းခေတ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပေသည် ။
ခရစ်ပေါ်ပြီး အေဒီ ၃၁၁ ခုနှစ် ဂါလီရီယှစ် ဘုရင်လက်ထက်၌  ခရစ်ယာန်ဘာသာ ကိုးကွယ်မှုကို ရောမအစိုးရက အသိအမှတ်ပြုလိုက်သည် ။ အေဒီ ၃၂၃ ခုနှစ် ကွန်စတန်တိုင် ဘုရင်လက်ထက်၌ ခရစ်ယာန်ဘာသာကို နိုင်ငံတော်၏ ဘာသာအဖြင့် ပြဋ္ဌာန်အတည်ပြုလိုက်ကြကြောင်း လေလြာတွေ့ရှိချက်များအား အတက်နိုင်ဆုံး စုံလင်ရှင်းလင်းစေရန် ရေးသားတင်ပြလိုက်ပါတယ်ခင်ဗျာ ။

မှတ်ချက် ။ ။
ရောမအင်ပါယာတွင် ခရစ်နှစ် အေဒီ ၁၀၈ ခုနှစ်၌ နန်းတက်သော မာကုစ်သြရီလီယုစ် လက်ထက်တွင် မြန်မာနိုင်ငံ ပုဂံခေတ်၌ ပြူစောထီးမင်းက နိုင်ငံ၏ ဘေးရန်များကို ဖျက်ဆီးတွန်းလှန်၍ နန်းတက်သည် ။ မြန်မာနိုင်ငံ ပုဂံခေတ်တွင် ကြောင်ဒူရစ်မင်း အုပ်စိုးသော အချိန်ဖြစ်သည် ။
ထိုအချိန်တွင် ရှင်မဟာဗုဒ္ဓဃောသသည် သီဟိုဠ်ကျွန်းသို့ သွား၍ ပိဋကတ်သုံးပါး မာဂဓဘာသာဖြင့် ရေးကူးပြီးလျှင် သထုံပြည်သို့ ဆောင်ယူခဲ့သော အချိန်ကာလဖြစ်သည် ။

ဗဟုသုတ တိုးပွားကြပါစေခင်ဗျာ ။

#htoohtoolay

No comments:

Post a Comment