( ဗြဟ္မဒတ္တဇာတ် )
လိုချင်သော်လဲ မတောင်းလိုသူ
-----
အာဠဝီပြည်မှ အတောင်းအရမ်းများသော ရဟန်းတို့ကို အကြောင်းပြု၍ ဤအတိတ်ဇာတ်ကြောင်းကို ဟောတော်မူလေသည် ။
ကပိလတိုင်း ဥတ္တရပဉ္စာလမင်း စိုးစံစဉ် ဘုရားလောင်းသည် နိဂုံးရွာကြီး တစ်ရွာတွင် ပုဏ္ဍားမျိုး၌ ဖြစ်နေသည် ။ အရွယ်ရောက်သောအခါ ရသေ့ပြု၍ ဟိမဝန္တာ၌နေပြီး ရက် လ တို့ ကြာညောင်းလာချိန်တွင် ချဉ် ဆား မှီဝဲလို သဖြင့် ဥတ္တရပဉ္စာလမြို့သို့ ရောက်လာသည် ။ ထိုမြို့မှ မင်းသည် သူ၏ ငြိမ်းအေးသော အမူအရာကို ကြည်ညိုသဒ္ဓါ ပွားမိရာမှ နေ့စဉ် နန်းဆောင်ပေါ်သို့ပင့်၍ ဆွမ်းကျွေးလှူဒါန်းကာ ဥယျာဉ်တော်တွင် သီတင်းသုံးရန်လျှောက်ထားသည် ။
မိုးလကုန်၍ ဆောင်းဦးစသည်ဆိုလျှင် ရသေ့ကြီးသည် ဟိမဝန္တာသို့ ပြန်လိုစိတ်ပေါ်လာသဖြင့် တစ်လွှာ ဖိနပ်တစ်ရံနှင့် သစ်ရွက်ထီး တစ်လက်ကို မင်းထံမှ အလှူုခံသွားမည်ဟု စိတ်ကူးသည် ။ သို့ရာတွင် ((( ဥစ္စာကို တောင်းခံသော သူများသည် ငိုသည်နှင့်တူသည် ။ မရှိဟုဆိုသော ဥစ္စာရှင်သည်လဲ ပြန်၍ ငိုသည်နှင့်တူသည် ။ ငိုသောငါနှင့် မင်းကြီးကို လူများအား မမြင်စေချင် ))) ဟု နှလုံးသွင်းမိ၍ ဘေးလူများ ကွယ်ရာ၌သာ တောင်းတော့မည်ဟု ဆုံးဖြတ်ကာ မင်းကြီးကို နှစ်ဦးခြင်း တွေ့ဆုံလိုကြောင်း ပြောသည် ။
မင်းကြီးသည် အမတ်များကို ဖယ်ရှောင်နေစေကာ နှစ်ဦးတည်းသာ တွေ့ဆုံရသောအချိန်၌လဲ ရသေ့သည် မတောင်း ။ နောက်နေ့မှ ပြောမည်ဟု ဆို၍ မင်းကြီးကို ပြန်လွှတ်သည် ။ နောက်နေ့ရောက်လာသောအခါ၌လဲ ထိုနည်းအတိုင်းပင် ။ ဤသို့ဖြင့် နောက်နေ့သို့ချည်း ရွေ့လာခဲ့ရာ တစ်ဆယ့်နှစ်နှစ် ကုန်လွန်သွားသည် ။
ထိုအခါ မင်းကြီးက ((( ငါ့အရှင်သည် တစ်ဆယ့်နှစ်နှစ် ကြာသည့်တိုင် မပြောလိုပဲ ဖြစ်နေရသည့်အကြောင်းမှာ တခြားကိစ္စမဖြစ်နိုင် ။ မင်းစည်းစိမ်ကို ခံစားလိုပုံရသည်။ ငါ့အရှင်သာ အလိုရှိခဲ့လျှင် မင်းစည်းစိမ်ကို ငါပေးမည် ))) ဟူ၍ စဉ်းစားမိသည် ။ သို့ဖြင့် ထိုနေ့၌ ရသေ့ကြီးထံသို့ လာခဲ့ရာ ထုံးစံအတိုင်း အမတ်များကို အဝေး၌ နေစေ၍ မင်းအဖြစ်မှ စပြီး အလိုရှိရာကို တောင်းခံပါရန် ရသေ့ကြီးကို လျှောက်ထားသည် ။
ထိုအခါရသေ့ကြီးသည် တစ်လွှာဖိနပ်တစ်ရံနှင့် သစ်ရွက်ထီး တစ်လက်ကို တောင်းခံလေလျှင် မင်းကြီးသည် ((( တစ်ဆယ့်နှစ်နှစ်တိုင် မပြောခဲ့သည်မှာ အဘယ်ပါနည်း ))) ဟု မေးသည် ။ ရသေ့ကြီးက ((( ဥစ္စာကို တောင်းသောသူသည် ငိုပြသည်နှင့် တူသည် ။ မရှိဟု ဆိုသော ဥစ္စာရှင်သည်လဲ တုံ့ပြန်၍ ငိုပြသည်နှင့်တူသည် ။ မိမိလဲ မငိုလို မင်းကြီးကိုလဲ မငိုစေလို ။ မိမိတို့နှစ်ဦး ငိုကြသည်ကို အခြားသူများအားလဲ မမြင်စေလို၍ ဖြစ်ပါသည် ))) ဟု ပြောသည် ။
ထို့နောက် မင်းကြီးလှူသော တစ်လွှာဖိနပ်ကိုစီး၍ သစ်ရွက် ထီးကို ဆောင်ပြီးလျှင် ဟိမဝန္တာသို့ ထွက်လာခဲ့လေတော့၏ ။
----
ဇာတ်ပေါင်း -
မင်း = အရှင်အာနန္ဒာ
ရသေ့ = ဗုဒ္ဓ
အနှစ်ချုပ် ((( တောင်းလွန်းလျှင် အမုန်းခံရ၍ အကျိုးစီးပွားပျက်တက်၏ )))
#htoohtoolay
No comments:
Post a Comment