Sunday, January 10, 2016

မေတ္တာနှင့်ယှဉ်သောအမှု

မေတ္တာနှင့်ယှဉ်သောအမှု
-------------

မေတ္တာနှင့် ယှဉ်တွဲပုံ - အစာလိုနေသော ရဟန်း ရှင် လူ နှင့် တိရိစ္ဆာန်တစ်ဦးဦးအား သူ၏အခက်ခဲနှင့် လိုလားချက်ပြည့်စုံ၍ ရွှင်လန်းမှုရ ရှိစေရန် မေတ္တာထား၍ တက်နိုင်သမျှ အစာတစ်ခုခုကို ပေးလှူခြင်းမျိုးကို ဆိုလိုသည် ။

သတိပြုရန်အချက် - ဤဒါနပြုရာ၌ သဒ္ဓါ ပုညစေတနာ နှင့် ယောနိသောမနသိကာရ ၃ မျိုးတို့သည် တပါးတည်း ပါဝင်လျက်ရှိသည်ဟု သတိပြုပါလေ ။

ကရုဏာနှင့် ယှဉ်ပုံ - ဆာလောင်၍ ပင်ပန်းနေသူအား သနားကြင်နာ၍ ထိုဆာလောင်မှု ဒုက္ခမှ လွတ်မြောက်သွားပြီး ချမ်းသာ ကြည်ရွှင်မှု ရရှိစေရန် ရည်သန်ပြီး မိမိ၌ ရရှိထားသော အစာအာဟာရကို သဒ္ဓါ စေတနာကောင်းဖြင့် ပေးလှူခြင်းမျိုးကို ဆိုလိုသည် ။

ခရီးစာရိတ် ပျက်လပ်ခက်ခဲနေသူအား ခရီးစရိတ်ထောက်ပံ့ခြင်း / အဝတ်ချို့တဲ့နေသူအား၎င်း အခြားတစ်ခုခု ချို့တဲ့နေသူအား လည်းကောင်း ဒုက္ခကြုံတွေ့နေသူတို့အား ခက်ခဲရာကို အထက်ပါ စေတနာမျိုးဖြင့် ထောက်ပံ့ကူညီခြင်းကို ဆိုလိုသည် ။

မုဒိတာနှင့် ယှဉ်တွဲပုံ - အစာ / ရေ / အဝတ် စရိတ် စသည် တစ်ခုခု ခက်ခဲနေသူတို့ကို တွေ့ရှိရ၍ ဤသူ၌ ကြုံတွေ့နေရသော အခက်အခဲဒုက္ခမှ လွတ်မြောက်သွားလျှင် ထိုသူမှာ ကြည်ရွှင် ဝမ်းမြောက်ဝမ်းသာမှု ရမည်ကို မျှော်ဆ အာရုံပြုလျက် ထိုသူ၏ ကြည်ရွှင်ဝမ်းမြောက် သာယာရေး အတွက် လိုအပ်ရာကို ထောက်ပံ့ကူညီပြီး မုဒိတာဖြစ်မှုမျိုးကို ဆိုသည် ။

ခန္တိမုဒိတာတို့နှင့် ယှဉ်တွဲပုံ - မိမိဆာလောင်၍ စားရန်ပြုနေသောအစာဖြစ်စေ ဆာလောင်လာလျှင် စားရန်ထားရှိသော အစာကိုဖြစ်စေ မိမိရှေ့တွင် တကယ်ဆာလောင်၍ ပင်ပန်းနေသူကို တွေ့ရှိလာလျှင် ဆင်ခြင်သည်မှာ ' ငါ၏အစာကို ငါစားလိုက်လျှင် ငါ့အတွက် အဆာပြေသွားနိုင်သော်လဲ ရှေ့တွင် တွေ့မြင်နေရသော ထိုဒုက္ခသည်အား ပေးလှူလိုက်လျှင် ထိုဒုက္ခမှ လွတ်မြောက်ပြီး ထိုသူချမ်းသာခွင့် ရရှိပေတော့မည် ' ဟု သဘောပေါက်သဖြင့် မိမိဒုက္ခကို သည်းခံပြီး ထိုသူအား သုခပေးတော့မည် ။ ထိုသူ ချမ်းသာကြည်ရွှင်မှုကို ငါလိုလားတော့သည်ဟု သဒ္ဓါ စေတနာ ထားကာ ပေးလှူခြင်းမျိုးကို ဆိုလိုသည် ။

မေတ္တာ မုဒိတာတို့နှင့် ယှဉ်တွဲပုံ - ဆာလောင်၍ အာဟာရ လိုနေသူ၌ ဆာလောင်မှု ဒုက္ခ လိုနေမှု ဒုက္ခနှင့် ရှာရမှု ဒုက္ခအပြင် ရှာ၍ မရသော ဒုက္ခ ၄ မျိုးတို့ တစ်ပြိုင်နက် ကြုံနေသူအား မိမိရှိ အစာတစ်ချို့ကို ခွဲဝေ၍ ပေးကမ်းလိုက်လျှင် အထက်ပါ ဒုက္ခ ၄ မျိုးစလုံး တပြိုင်နက် ငြိမ်းအေးသွာမည်ကို သဘောပေါက်သဖြင့် ထိုဒုက္ခ ၄ မျိုး ကြုံနေသူအပေါ် ကိုယ်ချင်းစာမှု ဒုက္ခ ၄ မျိုး ကင်းလျှင် ဝမ်းမြောက်နိုင်ခွင့် ရရှိမှုတို့ကို လိုလားသောသဒ္ဓါ စေတနာ မြင်မျှော်ချက်တို့ဖြင့် ကူညီထောက်ပံ့ပေးမှုမျိုးကို ဆိုလိုသည် ။

ကရုဏာ မေတ္တာ မုဒိတာ ပညာ တို့နှင့် ယှဉ်တွဲပုံ - ဆာလောင်မှုသည် ရောဂါတစ်ခုပင်ဖြစ်ရာ ထိုဆာလောင်မှုကြောင့် အားအင်နည်းသွားခြင်း အခြားလုပ်ငန်းတွေ မလုပ်နိုင်တော့ခြင်း စီးပွါးရေးထိခိုက်လာစေသော အကျိုးဆုတ်ယုတ်မှုတွေ များစွာ ကူးစက်လာတော့သဖြင့် အာဟာရမပြည့်စုံ၍ ဒုက္ခတွေ စုပုံလာသော ဒုက္ခသည်တို့အား ထိုဒုက္ခမှ လွတ်မြောက်၍ ကြည်ရွှင်ဝမ်းသာလာကာ ကောင်းကျိုးများစွာကို ဆက်၍ ရရှိသွားစေရန် သုံးသပ် ဆုံးဖြတ်ပြီး ထိုဒုက္ခ စုငြိမ်းသွားစေရန် မိမိက စွမ်းနိုင်သမျှ ကူညီထောက်ပံ့ခြင်းပြုမှုကို ဆိုလိုသည် ။

ထိုအထက်ပါအကြောင်းအရာများမှာ မိမိက မေတ္တာပေးပို့သောသတ္တဝါအားလုံးအပေါ် မေတ္တာရောက်ရှိစေရန်အလို့ငှာ မျက်မှောက်ပြုခြင်းကို ယှဉ်တွဲဖေါ်ပြခြင်းတာ ဖြစ်လေသည် ။ မေတ္တာပို့ခြင်းသည် သီလကိုလဲ လုံပြီးသူဖြစ်ရကား ထိုအချိန်၍ လုံနေသောသီလကြောင့် ရှေ့ဦးဆုံး အကျိုးကျေးဇူး များစွာ ရရှိသူမှာ များစွာသော သတ္တဝါများမဟုတ်ပါပဲလျက် ရှေ့ဦး အကျိုးသည် မေတ္တာပေးပို့သူ၏ စေတသိက်ခန္ဓာအစဉ်ကို ငြိမ်းအေးခြင်းဖြစ်၏ ။ထိုကျေးဇူးကြောင့် စိတ်ဖြစ်စဉ်အတွင်း သီလလုံကာ သမာဓိကိုထူးနိုင်လျက် ဝိပဿနာညာဏ်ကို ထင်ရှားရှုမှတ်နိုင်ကာ သံသရာမှ လွတ်မြောက်ရာပင် ဖြစ်နိုင်လေသည် ။ ( ထိုအကြောင်းအရာနှင့်ဆက်လျှင်း၍ မေတ္တာတစ်ချက်ပွားခြင်း post တွင် လေ့လာနိုင်ပါသည် )

ထို့ကြောင့် မေတ္တာပွားခြင်းမှာ ဘုရားရှင် အရှေ့မှ ( ဘုရားခန်း / ဘုရားဓါတ်ပုံ ) အရှေ့ချ၍ မေတ္တာပွားခြင်းကိုပြုကြသော်လဲ ပွားပြီး ပြီးရောဖြင့် နေခြင်းသည် မည်သည့် အကျိုးထူးကိုမှ ထင်မှတ်သည့်အတိုင်း ဖြစ်ခွင့်ရလိမ့်မည်မှာ လွန်စွာ ခက်လှပါတော့၏ ။ မေတ္တာစိတ်ကိုတာ အခြေတည်လျက် အချိန်တိုင်း အခါတိုင်း မေတ္တာပွားခြင်း စေတသိက်တို့ကို အလုပ် လုပ်စဉ်သော်လည်းကောင်း ရပ်စဉ်သော်လည်ကောင်း သွားစဉ်သော်လည်းကောင်း လျောင်းစဉ်သော်လည်ကောင်း တက်နိုင်သမျှ မေတ္တာပွားကာ ဖြစ်ပျက်ရှုမှတ်ပါမှသာ အကျိုးကျေးဇူးများပေလိမ့်မည်ဟု သဘောကျမိပါတော့၏ ။ ထို့အတူ မေတ္တာသည် လူဆိုး လူကောင်း မရွေးခြင်းအား ကျမ်း၌ ပါသည်ကို နည်းနည်း ဖေါ်ပြရသော် " ရေသည် လူကောင်း လူဆိုးမရွေး စင်ကြယ်အေးမြခြင်းကို ထပ်တူညီမျှ ပြုမူသကဲ့သို့ မိမိအပေါ် အကျိုးပြုသူကိုဖြစ်စေ အကျိုးမဲ့အောင် ပြုသူကိုဖြစ်စေ မေတ္တာစိတ်ဓါတ်ကို ထပ်တူညီမျှ ထားရှိနိုင်မှသာ ချမ်းသာရ၏ " ဟု ဗုဒ္ဓဝံသအဌကထာ = စာ - ၁၃၇ တွင် ဖေါ်ပြပါရှိလေ၏ ။ မေတ္တာဓါတ်သည် လူဆိုးလူကောင်းကိုပင်မက မိမိအပေါ် အဆိုးမြင်သောသူကိုပင်လျှင် ကောင်းအောင် ပြုနိုင်စွမ်းရှိ၏ ။ ထိုမေတ္တာစိတ်ကြောင့် မိမိပြုသော အမှုများသည်လဲ ကုသိုလ်အမှုများသာ ဖြစ်လေရာ ပညာဦးစီးပါက ညာဏ်စဉ်ပင် တက်နိုင်လေ၏ ။ ထိုအထိမဟုတ်စေကာမူ အပေါ်ရံ သုံးသပ်လျှင်ပင်တွင် မေတ္တာပွားသော သူအပေါ် ရန်ညှိုးထားသောသူသည်ပင် ရန်ညှိုးသေးငယ်ပါက မိတ်ဆွေ ဖြစ်ရပြီး ရန်ငြိုး ကြီးမားပါက မေတ္တာစစ်ကြောင့် မိမိနှင့် ဝေးရာကို ထွက်သွားကြလေတက်၏ ။ မေတ္တာသည် မေတ္တာဓါတ်၏ အေးမြခြင်းကို ခံယူထိုက်သူတို့အပေါ် တက်ရောက်နိုင်စွမ်းရှိသလို မခံယူထိုက်သူတို့အပေါ်တွင်တော့ကိန်းဝတ်ခြင်းမျိုး မစွမ်းသာချေ ။ ထိုအခါ လက်မခံနိုင်သော ကျေးဇူးနည်းသည့် စိတ်အစဉ်ရှိသူတို့မှာမူ မေတ္တာအသံကို တစ်နည်း မေတ္တာဓါတ်ကို ထိုသူတို့အပေါ် ကျရောက်လာသည်ရှိက ထိုသူတို့သည် နေနိုင်လောက်အောင် မစွမ်းသာတော့ပေ ။ ဤသည်မှာ ထင်ရှားလေတော့၏ ။ ဥပမာ - မေတ္တာပွားသောသူအားကြည့်၍ " ငါ , ငါးမရတာ ဒီမေတ္တာပွားနေတဲ့သူကြောင့် " ဟု ထင်မှတ်ခြင်းမျိုးကို ဆင်ခြင်က သိနိုင်၏ ။ မေတ္တာပွားသူအပေါ် ဒေါသမရောက်နိုင်သောအခါ မေတ္တာကို လက်ခံနိုင်စွမ်းမရှိသည့် သူများသည် ( မေတ္တာဓါတ်များ ထိုသူအပေါ် ကျရောက်လေသောအခါ အလိုလို စိတ်ခက်ထန်လာရကား ထိုသူ့ပတ်ဝန်းကျင်မှာမူ ခိုက်ရန်ဖြစ်ပွားခြင်းမျိုးလဲ ကျရောက်တက်၏ ) ။ ထိုအခါ မေတ္တာပွားသူတိုင်း သတိထားရမည်မှာ ငါမေတ္တာပွားလို့ ဤကဲ့သို့ ထိုသူ အကုသိုလ် ဖြစ်ရခြင်းဟု မမှတ်ယူသင့်ပေ ။ ပွားမြဲမေတ္တာကို ပွားရ၏ ။ မပွားပါက မိမိပင်လျှင် အကျိုးကျေးဇူးနည်းရကား မိမိပင်လျှင် အကုသိုလ် ဘက်တော်သားဖြစ်သွားမည်ကိုသတိထားသင့်၏ ။ မေတ္တာအစစ်ကိုပွားရာတွင် ဥပက္ခာကိုပါ မှီရပါသည် ။ ဥပက္ခာမေတ္တာသည်မှ အလွန်ကျေးဇူးများလေတော့၏ ။ ဆိုလိုသည်မှာ ငါက ကောင်းစေချင်သော်လဲ ထိုသူ့ကံရှိမှ ကောင်းမှာပဲ / ငါက ချမ်းသာစေချင်သော်လဲ ထိုသူ့ကံရှိမှ ချမ်းသာမှာပဲ / အစရှိသလို ပွားများရ၏ ။ မေတ္တာအစစ်တွင် အကျိုးမျှော်ခြင်းမရှိပေ ။အကျိုးမမျှော်ခြင်းကြောင့် ကိုယ့်ဘက်က တက်နိုင်သမျှ မေတ္တာထားသော်လဲ စွမ်းနိုင်သလောက် ပြုလုပ်ကူညီပေးသော်လဲ ထင်သလောက်မဖြစ်ပါက ဥပက္ခာ ပြုနိုင်ရ၏ ။ တက်နိုင်သလောက် လုပ်ပေးသည် ။ အကျိုးကိုမမျှော်ခြင်းကြောင့် ကြောင့်ကျမှုမရှိသော မေတ္တာအစစ်ပင်ဖြစ်၏ ။ထို့ကြောင့် မေတ္တာပွားခြင်းအစစ်ကို အထက်ပါအချက်များနှင့် ယှဉ်ကာ မိမိစိတ်အစဉ်အား အချိန်တိုင်း ရှုမှတ်ပွားများကာ ညာဏ်စဉ်မြင့်လို့ ဒိဋ္ဌိကွာနိုင်ကြပါစေကြောင်း ဆန္ဒပြု မေတ္တာပွားလိုက်ရပါတော့၏ ။

#htoohtoolay

No comments:

Post a Comment