သရဏဂုံသုံးပါး ပေါ်ပေါက်လာပုံ
-----
ရဟန်းတွေကို မြတ်စွာဘုရားဟာ သာသနာပြုဖို့ စေလွှတ်လိုက်ပါတယ် ။ ခရီး ဒေသစာရီ လှည့်လည်ကြ ။ တရားဟောကြ ။ အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ ကောင်းခြင်း ဆိုတဲ့ ကောင်းခြင်းသုံးဖြာနဲ့ ပြည့်စုံတဲ့ ငါဘုရား သာသနာတော်ကို ဟောကြ ။ တရားမနာရတဲ့အတွက် သတ္တဝါတွေ တရားမှ ဆုတ်ယုတ်နေကြတယ် ။ တရားဟောကြဆိုပြီး သာသနာပြု စေလွတ်ပါတယ် ။ လမ်းခရီးတစ်ခုကို နှစ်ပါးမသွားနဲ့ ။ အဲ့ဒီ့တုန်းက သံဃာက နည်းနည်းပဲရှိတာကိုး ။ ခြောက်ကျိပ်ဆိုတော့ နည်းတာပေါ့ ။ နည်းနည်းနဲ့ ကျဲကျဲ ဝိုင်းထားရမှာဖြစ်တော့ မင်းတို့ ခရီးတစ်ကြောင်းကို နှစ်ပါးမသွားကြနဲ့ ။ တပါးထည်း သွားကြဆိုပြီး လွှတ်တဲ့အခါမှာ ရဟန်းတွေက သာသနာ ပြုဖို့ ထွက်ခွါကြပါတယ် ။ အဲ့ဒီလို ကြွကြတော့ဟိုက ရှင်ဖြစ်ရဟန်းတွေက ဘုရားထံ ခေါ်လာတယ် ။ ဒီက ရဟန်းတွေကလဲ ဘုရားထံမှာ ရဟန်းခံဖို့ ခေါ်လာကြတယ် ။ အဲ့ဒီတော့ ရှင်ရဟန်းတွေလဲ ပင်ပန်းရ ။ ရှင်ပြုမဲ့ ပုဂ္ဂိုလ်တွေ ရဟန်းပြုမဲ့ ပုဂ္ဂိုလ်တွေလဲ ပင်ပန်းရ ဆိုတော့ ဘုရားရှင် ကိုယ်တော်မြတ်က အကြံဖြစ်တော်မူတယ် ။
((( အခု သာသနာပြုရဟန်းတွေ ရှင်လောင်းတွေ ခေါ်လာကြ ။ ရဟန်းလောင်းတွေ ခေါ်လာကြ ။ အဲ့ဒီလို ခေါ်လာကြတော့ သူတို့လဲ ပင်ပန်း ။ ရှင်ရဟန်းလောင်းတွေလဲ ပင်ပန်း ။ အဲ့ဒီတော့ သူတို့ဟာ သူတို့ရှင်ပြုပေးဖို့ ရဟန်းခံပေးဖို့ ငါဘုရား ခွင့်ပြုမှပဲဆိုပြီး အကြံဖြစ်တော့ အကြံဖြစ်တဲ့အတိုင်း ရဟန်းတော်တွေကို ခွင့်ပေးပါတယ် ။ အမိန့်ပေးတယ် ။
ချစ်သား ရဟန်းတို့ -
တုမှေဝ ဘိက္ခဝေ တာသု ဒိသာသု ။
တေသု တေသု ဇနပဒေသု ပဗ္ဗေဇေထ ဥပသမ္ပာဒေထ ။
ချစ်သားရဟန်းတို့ ! သင်တို့ပဲ အဲ့ဒီ့ ရောက်ရာအရပ်မှာ ရှင်ပြုပေးကြ ။ ရဟန်းပြုပေးကြ ။ ဘယ်လိုပြုပေးရမလဲဆိုတော့ ပထမ ဆံမုတ်ဆိတ် ပယ်ပြစ်ကြ ။ ပယ်ပြီးတော့ ဖန်ရည်တပ်စွန်း ဝတ်သင်္ကန်းတွေ ဝတ်ပေးလိုက် ။ ဝတ်ပေးပြီးတော့ ဆောင့်ကြောင့်ထိုင်ပစေ ။ ထိုင်ပြီးတော့ လက်အုပ်ချီပစေ ။ လက်အုပ်ချီပြီးတော့ လိုက်ဆိုပစေ ။ ဆိုခိုင်း " ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။ ဓမ္မံ သရဏံ ဂစ္ဆာမိ ။ သံဃ သရဏံ ဂစ္ဆာမိ " (3) ခေါက် ။ အဲ့လို လိုက်ဆိုခိုင်းကြ ဆိုပြီး အဲ့လို နည်းပေးပါတယ် ။
အဲ့ဒီ့ အခါကြမှ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ လို့ဆိုတဲ့ သရဏဂုံ ပေါ်လာရတာဖြစ်ပါတယ် ။
( အရှင် ဝါသေဋ္ဌာဘိဝံသ ၏ ဥပါသကာ ဂုဏ်ရည်နှင့် သရဏဂုံ တရားတော် ကျမ်း - စာ ၈၄ , ၈၅ မှ နားလည်လွယ်စေရန် စကားပြောပုံစံဖြစ် ပြန်လည် စီရီ ရေးသား ကုသိုလ်ပြုရပါ၏ )
#htoohtoolay
No comments:
Post a Comment