Monday, January 11, 2016

ဂျပန်နိုင်ငံမှ များစွာသော ဗုဒ္ဓဂိုဏ်း သာသနာ

ဂျပန်နိုင်ငံမှ များစွာသော ဗုဒ္ဓဂိုဏ်း သာသနာ
---------------------------------------------------
ဗုဒ္ဓသာသနာသည် ၅၅၂ ခုနှစ်၌ ကိုရီးယားမှ ဂျပန်ကျွန်းသို့ ရောက်လာ၍ မင်းသားကြီး ရှိတိုကုတိုင်းရှိ ၏ လက်ထက်၌ ထွန်းကားလာ၏ ။

မင်းသားကြီးသည် တရုတ်နိုင်ငံသို့ ရဟန်းတော်များ စေလွှတ်၍ ဟော်ယူဂျီ အရပ်၌ စေတီပုထိုးနှင့် ဝိဟာရကျောင်းများ တည်ဆောက်၏ ။ သာသနာကို အားပေး၍ မဟာယာနသုတ် သုံးခုကို ဖွင့်ဆိုရေးသား၏ ။ ဂျပန်နိုင်ငံ၌ မဟာယာနဂိုဏ်ပေါင်း ၆၀ ကျော်ရှိ၍ ထင်ရှားသော ဂိုဏ်းများမှာ တင်ဒေ ။ ရှင်ဂုန် ။ နီချီရင် ။ ဂျိုဒိုရှင် နှင့် ဇင်ဂိုဏ်းများ ဖြစ်၏ ။

တင်ဒေဂိုဏ်းသည် လူတိုင်း၏ စိတ်တန္တာန်၌ ဗောဓိဉာဏ် မျိုးစေ့ ကိန်းဝပ်နေသည် သို့မဟုတ် လူတိုင်း ဘုရားဖြစ်နိုင်သည်ဟုဟော၏ ။ ရှင်ဂုန်ဂိုဏ်း၏ ခံယူချက်မှာ အိန္ဒိယ သားတို့၏ ပရမတ္ထဝါဒနှင့် များစွာမခြားနားချေ ။ အိန္ဒိယ ယောဂနှင့် တန္တရကျင့်ထုံးများကို လက်ခံ၍ ဂါထာမန္တရား အင်းအိုင်လက်ဖွဲ့များကိုလည်း အားပေးသောကြောင့် ထင်ရှား၏ ။

နီချီရင်ဂိုဏ်းသည် ဗုဒ္ဓဝါဒနှင့် နိုင်ငံအစိုးရ ပေါင်းစည်းရေးကို ရှေ့ရှုသောဂိုဏ်းဖြစ်၏ ။ ဂိုဏ်းဆရာ နီချီရင်သည် အခြားဂိုဏ်းသားအားလုံးကို နှံ့နှံ့စပ်စပ် လေ့လာပြီးနောက် သဒ္ဓမ္မပုဏ္ဍရီကာ ကျမ်းသည်သာလျှင် နိုင်ငံ၏ ယုံကြည်ကိုးကွယ်ရာဖြစ်သည်ဟု ဟော၏ ။

အခြားထင်ရှားသော ဂိုဏ်းနှစ်ဂိုဏ်းမှာ ဂျိုဒိုရှင်ရှု နှင့် ဇင်ဂိုဏ်းများဖြစ်၏ ။ ဂျိုဒိုရှင်ရှုဂိုဏ်းသည် အမိတာဘ ဗုဒ္ဓအား ကိုးကွယ်ဆည်းကပ်မှုကိုသာ ၄င်း၏ တစ်ခုတည်းသော ကျင့်စဉ်အဖြင့် အသိအမှတ်ပြု၏ ။ ဇင်ဂိုဏ်းသည်တော့ ဝိပဿနာကို အခြေတည်သောဂိုဏ်းဖြစ်လေသည် ။ သို့သော် ဗုဒ္ဓဟောသော ကျင့်စဉ်ဝိပဿနာမျိုးမဟုတ်ပေ ။ ၄င်းတို့ ဖန်တီးထားသော ဝိပဿနာ လမ်းစဉ်သာဖြစ်သည်။

ဂျပန်နိုင်ငံ၌ ဗုဒ္ဓဘာသာနှင့် အပြိုင်ဖြစ်ခဲ့သော ဘာသာမှာ ရှေးပဝေသဏီက စ၍ ရှိခဲ့သော ရှင်တိုဘာသာဖြစ်၏ ။ ဗုဒ္ဓဝါဒီတို့သည်မူလ အစ၌ ရှင်တိုဝါဒီတို့နှင့် ပဋိပက္ခဖြစ်သော်လည်း ရှင်တိုနတ်များကို ဘုရားအလောင်းပြုလုပ်လိုက်ခြင်းဖြင့် ၄င်းတို့၏ အနှောင့်အယှက်မှကင်းလွှတ်ခဲ့၏ ။ ရှင်တိုဘာသာသည်ဒုတိယကမ္ဘာစစ် မဖြစ်မီ ဂျပန်နိုင်ငံ၌ စစ်ဝါဒထွန်းကားစဉ်က နိုင်ငံအစိုးရ၏ အားပေးမှုကို ရရှိခဲ့သော်လည်း ယခုအခါ ဗုဒ္ဓဘာသာလောက် အရှိန်အဝါ မကြီးမားတော့ချေ ။

ယနေ့ မဟာယာန ဗုဒ္ဓနိုင်ငံများတွင် ဂျပန်သည် သာသနာရေးကိစ္စများကို ရှေ့တန်းမှ တက်တက်ကြွကြွ ဆောင်ရွက်နေသော နိုင်ငံဖြစ်သည် ။ လူမှုဝန်ထမ်း လုပ်ငန်းများကို အားပေး၍ ၁၉၃၉ ခုနှစ်က ဗုဒ္ဓဘာသာလူမှုဝန်ထမ်းအဖွဲ့ပေါင်း ခုနှစ်ရာခန့်ရှိ၏ ။ တက္ကသိုလ်များ၌ ဗုဒ္ဓသုတေသနဌာနများ ရှိ၍ တရုတ် ။ တိဗက်နှင့် ထေရဝါဒ ပိဋကတ်များကို နှိုင်းယှဉ်လေ့လာကြ၏ ။ ပါဠိပိဋကတ်ကို ဂျပန်ဘာသာသို့ပြန်ဆိုခဲ့ကြရာ အတွဲပေါင်း ၆၅ တွဲဖြင့် ပြန်ဆိုပြီးစီးခဲ့သည်ဟု လေ့လာတွေ့ရှိခြင်းကို ရေးသားတင်ပြလိုက်ရပါ၏ ။

#htoohtoolay

No comments:

Post a Comment