Sunday, January 10, 2016

ဓမ္မနဲ့ ဓမ္မ ယှဉ်လာတဲ့အခါ မေတ္တာက ပိုတယ် 

ဓမ္မနဲ့ ဓမ္မ ယှဉ်လာတဲ့အခါ မေတ္တာက ပိုတယ်
---
ကျွန်တော်တို့တွေများသောအားဖြင့်သုံးနှုန်းတက်ကြတဲ့ စကားတစ်ခွန်းရှိတယ် ။ အဲ့ဒါဟာ သူကြင်မှ ကိုယ်ကြင်မယ် ဆိုတာမျိုးပါပဲ ။ မှန်တစ်ချပ်လိုပဲ သူကပြုံးရင်ကိုယ်က ပြုံးမယ် ။ သူက မဲ့ရင် ကိုယ်လဲ မဲ့မယ် ။ ဒါပေမယ့် ကိုယ့်ဘက်က အရင်မဲ့မယ်လို့တော့ မယူဆကြသလိုပဲပေါ့ ။ အင်မတန် တရားနည်းလမ်းကျပါတယ်။ သို့သော် ကျွန်တော်တို့ ဒီအမှုဟာ ဧကန်အမှန် ပြည့်စုံပါပြီလားလို့တော့ ပြန်လည်ဆင်ခြင်ကြည့်ကြဖို့ အချိန်တိုင်းပဲ မေ့နေတက်ကြပါတယ် ။ အမှန်တော့ ဒီအရာဟာ မှန်သင့်သလောက်မှန်ပေမယ့် ပြည့်စုံတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး ။

တစ်ခါက မင်းနှစ်ပါးရဲ့ လှည်းယဉ်ဟာ လမ်းတစ်ခုမှာ ထိတ်တိုက် ဆုံမိကြတယ်။ တစ်ဖက်က မင်းကလဲ ကြီးကျယ်မြင့်မြတ်တဲ့ မင်းတစ်ပါးဖြစ်သလို တစ်ဖက်ကလဲ မနှိမ့်သော ကြီးကျယ်မှုရှိနေကြပါတယ် ။ အသက်ခြင်းလဲ အတူတူပဲမို့ လှည်းယဉ်မှူးတွေဟာ ဘယ်မင်းဘက်က လမ်းကို အရင်ဖယ်ပေးသင့်လဲဆိုတာ ဆုံးဖြတ်ရခက်သွားကြတယ် ။ အဲ့ဒီ့အခါကြတော့ ဒီဘက်က အမတ်က ပြောတယ်။ ((( ငါတို့ ဘုရင်မင်းမြတ်ဟာ တရားသဖြင့် အမှုကို စီရင်တယ် ။ ကြမ်းကြုတ်ခက်ထန်သူကို ကြမ်းကြုတ်ခက်ထန်တဲ့အပြစ်ပေးတယ် ။ နူးညံ့သိမ်မွေ့သူကို နူးညံ့သိမ်မွေ့ခြင်းနဲ့ အောင်မြင်တယ်။ မကောင်းမှုကို မကောင်းမှုနဲ့တုန့်ပြန်ပြီး ကောင်းမှုကို ကောင်းမှုနဲ့တုန့်ပြန်တာကြောင့် ငါတို့ရှင်ဘုရင်ဟာ အကျင့်သီလနဲ့ ပြည့်စုံလို့ သင်တို့ လမ်းဖယ်ပေးပါ ))) လို့ ဆိုလိုက်တယ် ။ အဲ့ဒီ့အခါမှာတော့ တစ်ဖက်က ဘုရင်ရဲ့ မှူးမတ်က ((( ငါတို့ဘုရင်မင်းမြတ်ဟာ အမျက်ဒေါသကြီးသူကို မေတ္တာနဲ့ အောင်နိုင်တယ် ။ မကောင်းမှုကို ကောင်းမှုနဲ့အောင်နိုင်တယ် ။ ဝန်တိုစဉ်းလဲသူကို ပေးကမ်းခြင်းနဲ့ အောင်နိုင်တယ် ။ လိမ်ညာဝါဒဖြန့်မှုကို အမှန်စကားဖြင့် ဆိုဆုံးမတယ် ။ ငါတို့အရှင်ရဲ့ အကျင့်သီလဟာ ပြည့်စုံတာကြောင့် သင်တို့ လမ်းဖယ်ပေးပါ ))) လို့ ဆိုလိုက်တဲ့အခါမှာ တစ်ဖက်က မင်းတွေဟာ ချက်ခြင်း လမ်းကို တလေးတစားနဲ့ ရိုသေစွာ ဖယ်ပေးလိုက်ပါသတဲ့ { ဒဠဝဂ် / ရာဇောဝါဒဇာတ် } အဲ့ဒီလို အကျင့်သီလခြင်းယှဉ်တဲ့အခါမှာတောင် သီလရှိသူခြင်းမှာ မေတ္တာပိုသူက အနိုင်ရမြဲပါပဲ ။ ဒါဆိုကျွန်တော်တို့ရဲ့ မှန်သဘော ပြုမူခြင်းဟာ ပြည့်စုံတဲ့ တုန့်ပြန်ခြင်းပါလား ! ။ အင်မတန် စဉ်းစားစရာကောင်းပါတယ် ။ ဖြောင့်မတ်ခြင်းပါရမီသည် စုံလင်သောသူတို့ကို ပဲ့ပြင်တက်၏ ။ မတရားသောသူမူကားမိမိမတရားသောအမှုအားဖြင့် ဆုံးရှုံးတက်၏ ( သု ၁၁ : ၅ ) အစရှိသလို မတရားသူဟာ မတရားတဲ့အမှုကြောင့် ဆုံးရှုံးရမြဲတာဖြစ်တာကြောင့် ထိုသူတို့အပေါ်မှာ သူတို့အပြုအမူတိုင်း ပြန်လည် ပြုမူခြင်းဟာ မသင့်တဲ့ အရာတစ်ခုပဲဖြစ်ပါတယ် ။ ဒါကြောင့် ဓမ္မနဲ့ ဓမ္မ ယှဉ်လာတဲ့အခါမှာတောင် မေတ္တာဟာ အဆုံးအဖြတ်တစ်ခုပါပဲမိတ်ဆွေ ။ အဲ့ဒါလေးကို မမေ့နဲ့ ။ သူပြုံးရင် ကိုယ်ပြုံးမယ်ဆိုတာဟာ သူငရဲသွားရင် ငါလဲ ငရဲသွားမယ်လို့ ဆိုရာရောက်ပါတယ် ။

#htoohtoolay

No comments:

Post a Comment